တရုတ်ဆေးဖက်ဝင်အပင်များမှ ထုတ်လုပ်သော နာမည်ကျော်တိုင်းရင်းဆေးများသည် လူနာများအား ကိုဗစ်-၁၉ ကူးစက်မှုမှ မကာကွယ်ပေးနိုင်ကြောင်း ကျန်းမာရေး သတင်းတင်ဆက်သည့် Dingxiang Yisheng မှ ဖော်ပြပြီးနောက် ကိုဗစ်-၁၉ လူနာများအား ကုသရာ၌ တွင်ကျယ်စွာ အသုံးပြုခဲ့ပြီး ရှန်ဟိုင်းမြို့ခံများထံ ဖြန့်ဝေပေးနေသော ၎င်းဆေးထုတ်လုပ်သူများသည် နာမည်ဂုဏ်သတင်း ထိခိုက်လျက်ရှိသည်။
တရုတ်ဆေးဖက်ဝင်အပင်မှထုတ်သော ဆေးများသည် ကိုဗစ်-၁၉ ကိုမကာကွယ်နိုင်ကြောင်းနှင့် ကြိုတင် ကာကွယ်ဆေးအဖြစ် အသုံးမပြုရန် Dingxiang Yisheng က အကြံပြုခဲ့သည်။
အဆိုပါသတင်းပျံ့နှံ့သွားသည်နှင့်တပြိုင်နက် ကုမ္ပဏီ၏ စျေးကွက်ပေါက်ဈေးနှင့် နာမည်ဂုဏ်သတင်းမှာ ကျဆင်းသွားခဲ့သည်။
တရုတ်ဆေး Lianhua Qingwen ကိုထုတ်လုပ်သော တရုတ်ဆေးဝါးထုတ်လုပ်သူနှင့် တင်သွင်းသူ Shijiazhuang Yiling Pharmaceutical ကုမ္ပဏီသည် ကုမ္ပဏီ၏ ဝင်ငွေ၏ ၄၀ ရာခိုင်နှုန်းကျော်ရှိကြောင်း
Global Times တွင်ဖော်ပြထားသည်။
သို့သော် ကိုဗစ်-၁၉ ကိုကာကွယ်ရန် ဆေးထိရောက်မှုမရှိကြောင်း ဖော်ပြခံရပြီးနောက် ကုမ္ပဏီ၏ ဈေးကွက်တန်ဖိုးသည် ဧပြီ ၁၅ ရက်က ၆ ဒသမ ၇ ဘီလီယံယွမ် (အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၅ ဘီလီယံ) ခန့် ဆုံးရှုံးခဲ့သည်။
ဟောင်ကောင်နှင့် ရှန်ဟိုင်းတို့သည် ကုမ္ပဏီမှ ဆေးသေတ္တာအမြောက်အမြား မှာယူခဲ့ကြသည်။ ဆေးဝါးအများအပြား ရရှိနိုင်မှုကြောင့် လူအများအပြားက အဆိုပါ ဆေးသည် ရောဂါပိုး ကို ကာကွယ်နိုင်သည်ဟု ထင်မြင်ခဲ့ကြသည်။
၎င်းဆေးသည် ပျို့ခြင်း၊ အော့အန်ခြင်း၊ ဝမ်းလျှောခြင်းနှင့် အဖုအပိန့်များကဲ့သို့သော ဘေးထွက်ဆိုးကျိုးများကို ဖြစ်စေနိုင်သည်။ Lianhua Qingwen ဆေးတွင် ရှုပ်ထွေးသော ပါဝင်ပစ္စည်းများ ပါဝင်ပြီး အဓိကအားဖြင့် အဖျားနှင့် နမိုးနီးယား ရောဂါလက္ခဏာ အနည်းငယ်ရှိသော ကိုဗစ်လူနာများအတွက် သင့်လျော်သော်လည်း ကြိုတင်ကာကွယ်ရန် မသင့်လျော်ကြောင်း ရှန်ဟိုင်းတရုတ်တိုင်းရင်းဆေးတက္ကသိုလ် Long Hua ဆေးရုံမှ ဆရာဝန် ဖန်ဘန်ကျန်းက ပြောသည်။ ၎င်း၏ ပါဝင်ပစ္စည်းများသည် ကျောက်ကပ်စနစ်ကို ထိခိုက်စေသည်။
ကုမ္ပဏီက ကာကွယ်ပြောဆိုသည့်အနေဖြင့် သုံးစွဲသူများအနေဖြင့် ချင့်ချိန်စဉ်းစားရန် တိုက်တွန်းလိုက်သည်။