အမေရိကန်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲ မေလလယ်တွင် ကျင်းပမည်

အမေရိကန်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲ မေလလယ်တွင် ကျင်းပမည်

ဧပြီ ၁၇

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် မေလလယ်တွင် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ခေါင်းဆောင်များနှင့် တွေ့ဆုံမည် ဖြစ်ပြီး အဆိုပါ ထိပ်သီးဆွေးနွေးပွဲက တရုတ်၏ ဩဇာတိုးလာနေမှုနှင့်ပတ်သက်ပြီး အာရုံစိုက်ဖွယ် ရှိကြောင်း အစည်းအဝေးကို အိမ်ရှင်အဖြစ် ကျင်းပမည့် အမေရိကန်က ဧပြီ ၁၆ ရက်တွင် ကြေညာသည်။

မူလက မတ်လတွင် ကျင်းပရန် စီစဉ်ခဲ့သည့် ထို ထိပ်သီးအစည်းအဝေးသည် အာဆီယံအပေါ် ထားသည့် အမေရိကန်၏ ခိုင်မြဲသော ကတိကဝတ်ကို ထုတ်ဖော်ပြသလိမ့်မယ် ဖြစ်ကြောင်း အိမ်ဖြူတော် ပြန်ကြားရေးအတွင်းဝန် ယန် ဆာကီက ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောသည်။

“အရှေ့တောင်အာရှမှာ ခိုင်မာပြီး ယုံကြည်စိတ်ချရတဲ့ မိတ်ဖက်တစ်ဦးအဖြစ် ရှိနေစေဖို့က ဘိုင်ဒင်-ဟားရစ် အစိုးရအတွက် ထိပ်တန်း ဦးစားပေးကိစ္စတစ်ခု ဖြစ်ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ပြောခဲ့သည်။

ထို ထိပ်သီးဆွေးနွေးပွဲသည် မူလက မတ်လ ၂၈ ၊ ၂၉ တွင် ကျင်းပရန် စီစဉ်ခဲ့သော်လည်း ယင်းနောက် ရက်အသစ် မသတ်မှတ်ဘဲ ရွှေ့ဆိုင်းခဲ့ကာ ယခုအခါ ယင်း ဆွေးနွေးပွဲကို မေလ ၁၂ ရက်နှင့် ၁၃ ရက်တွင် ကျင်းပသွားမည် ဖြစ်သည်။

အာဆီယံ ခေါင်းဆောင်အချို့ အခြား လုပ်ဆောင်စရာကိစ္စများအတွက် ရက်တိုက်ဆိုင်နေပြီး မအားမလပ်ဖြစ်နေခဲ့သည် ဆိုသည့် သတင်းများ ထွက်ပေါ်ခဲ့သလို ယူကရိန်း အကျပ်အတည်းက ဆက်လက်နက်ရှိုင်းလာနေခြင်းနှင့်အတူ ထို အစည်းအဝေးကို နောက်ဆုတ်ရွှေ့ဆိုင်းခဲ့ခြင်း ဖြစ်သည်။

အာရှဒေသနှင့် ယင်း၏ ဆက်ဆံပတ်သက်မှုကို ခိုင်မာ အားကောင်းစေခြင်းက နိုင်ငံခြားရေးမူဝါဒ ဦးစားပေးကိစ္စတစ်ခုဖြစ်သည်ဟု အမေရိကန်က ကာလကြာကတည်းက ပြောထားသည်။

မတ်လ ၂၉ ရက်က သမ္မတ ဘိုင်ဒင်သည် အာဆီယံ၏ အရေးပါသော အဖွဲ့ဝင်တစ်နိုင်ငံဖြစ်သည့် စင်္ကာပူ၏ ဝန်ကြီးချုပ် လီရှန်လွန်းနှင့် အိမ်ဖြူတော်၌ တွေ့ဆုံခဲ့ပြီး ၎င်းအနေဖြင့် ဒေသကို “လွတ်လပ်ပွင့်လင်းမှု” ဆက်ရှိရေး သေချာစေရန် လိုလားကြောင်း ပြောခဲ့သည်။ ယင်းက ဩဇာတိုးလာနေသည့် တရုတ်ဘက်က နိုင်ငံတကာ ကုန်သွယ်မှု လမ်းကြောင်းများကို လွှမ်းမိုးရန် ကြိုးပမ်းမှုများ ရှိနေသည်ဟု အမေရိကန်ဘက်က ရှုမြင်ထားမှုကို ရည်ညွှန်းခြင်းလည်း ဖြစ်သည်။

ဘိုင်ဒင်သည် အောက်တိုဘာလက အာဆီယံ ခေါင်းဆောင်များနှင့် အွန်လိုင်း ထိပ်သီးဆွေးနွေးပွဲတစ်ခုတွင် ပါဝင်ခဲ့သည်။

ထို အစည်းအဝေးတွင် COVID-19 ၊ ရာသီဥတု ပြောင်းလဲမှု၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် အခြားကိစ္စရပ်များနှင့် ပတ်သက်ပြီး အမေရိကန်ဘက်က အာဆီယံနှင့် ပတ်သက်ချိတ်ဆက်မှုကို ချဲ့ထွင်မည့် အစီအစဉ်များကို ဘိုင်ဒင်က ကြေညာခဲ့ကြောင်း ဆာကီက ထုတ်ပြန်ချက်တွင် ပြောခဲ့သည်။

အာဖဂန်နစ္စတန်ကနေ ပရမ်းပတာ ထွက်ခွာခဲ့မှုနှင့် ယူကရိန်း စစ်ပွဲ တို့က ပိုမိုပြီး အရေးတကြီး အာရုံစိုက်ရန် လိုသော်လည်း တရုတ်နှင့် ပြင်းထန်သည့် ပြိုင်ဆိုင်မှုက အမေရိကန်အတွက် အကြီးမားဆုံး နိုင်ငံခြားရေးမူဝါဒ စိန်ခေါ်မှုများအနက် တစ်ခု ဖြစ်လာခဲ့သည်။

အာဆီယံအဖွဲ့ဝင်များထဲတွင် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်းနှင့် ဗီယက်နမ် တို့ ပါဝင်သည်။ ယင်းတို့အနက် နိုင်ငံအချို့သည် ပေကျင်းနှင့်အကြား သဘောထားကွဲလွဲမှု ပဋိပက္ခများ ဖြစ်ပေါ်ကြုံတွေ့ထားခဲ့သည်။

ယခု ထိပ်သီးအစည်းအဝေးတွင် မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်များကို တက်ရောက်ခွင့်ပေးမည်လား ဆိုသည်ကို အမေရိကန်၏ စနေနေ့ ထုတ်ပြန်ချက်တွင် မဖော်ပြခဲ့ပေ။ မြန်မာအာဏာသိမ်းစစ်တပ် ခေါင်းဆောင်များသည် ရိုဟင်ဂျာ လူနည်းစုအပေါ် “လူမျိုးတုံး သတ်ဖြတ်မှု” ကျူးလွန်ထားသည်ဟု အမေရိကန်အစိုးရက စွပ်စွဲထားသည်။

မြန်မာတွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မြန်မာ့အရေးနှင့် ပတ်သက်ပြီး သံတမန်ရေး ဖြေရှင်းနည်းတစ်ခု ရှာဖွေရန် အာဆီယံက ကြိုးပမ်းထားသော်ငြား လက်ရှိအချိန်အထိ အချည်းနှီး ဖြစ်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required