ယင်းမာပင်မြို့နယ်ရှိ စစ်ကောင်စီအခြေစိုက်စခန်း ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခံရ

17 April 2022
ယင်းမာပင်မြို့နယ်ရှိ စစ်ကောင်စီအခြေစိုက်စခန်း ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာမရှိ အကြမ်းဖက်စစ်ကောင်စီတပ်၏ အခြေစိုက်စခန်းတစ်ခုကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေါင်းလုလင် -LPDF မှ ယနေ့ ဧပြီ ၁၇ ရက်တွင် ထုတ်ပြန်သည်။

တိုက်ခိုက်မှုကို ဧပြီ ၁၆ ရက်နေ့၊ မွန်းလွဲ ၃ နာရီအချိန်တွင်ပြုလုပ်ခဲ့ခြင်းဖြစ်၍ စစ်ကောင်စီစခန်းကို ထိမှန်ခဲ့သော်လည်း နယ်မြေအခြေအနေအရ သွားကြည့်မရ၍ အထိအခိုက်၊ အသေအဆုံးစာရင်းကို မသိရကြောင်းဆိုသည်။

“ကျွန်တော်တို့ ဘန့်ဘွေးရွာမတောင်ဘက်မှာ တပ်စွဲထားတဲ့ စခ(စစ်ကောင်စီတပ်ဖွဲ့)တွေကို တာဝေးပစ်ရှော့တိုက်ဒုံးနဲ့ ခုနစ်လုံးလောက်နဲ့ ပစ်ခတ်ခဲ့တာပါ” ဟု ဒေါင်းလုလင် -LPDF တာဝန်ရှိသူတစ်ဦးမှဆိုသည်။

ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာမတွင် စစ်ကောင်စီတပ်အင်အား ၃၀၀ ဝန်းကျင်နှင့် ပျူစောထီးများရှိနေသည်မှာ နှစ်လနီးပါးကြာမြင့်လာပြီဟုလည်းဆိုသည်။

ဘန့်ဘွေးရွာသည် ကနီ၊ ယင်းမာပင်နယ်စပ်တွင်တည်ရှိပြီး လမ်းပန်းဆက်သွယ်ရေးအရ အချက်အချာကျ၍ စစ်ကောင်စီတပ်များ စခန်းချနေခြင်းဖြစ်ကာ ရွာအတွင်းမှ ဒေသခံ ရာဂဏန်းခန့်မှာလည်း စစ်ရှောင်နေရကြောင်းသိရသည်။

အလားတူ ယင်းမာပင်မြို့နယ် ဘန့်ဘွေးကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများသည် ဧပြီ ၁၁ ရက်နေ့ကလည်း ရေသောက်ကန်တောပြင်အရပ်တွင် ပြည်သူ့နေအိမ် ၁၇လုံး ကို မီးရှို့ဖျက်ဆီးခဲ့သေးကြောင်း သိရသည်။

#စစ်ကိုင်းတိုင်း 
#ယင်းမာပင်မြို့နယ်
#ဘန့်ဘွေးကျေးရွာ
#ရှော့တိုက်ဒုံး
#ပစ်ခတ်တိုက်ခိုက်
#MizzimaTV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly