ကိုဗစ်ရောဂါကူးစက်မှုများ တိုးလာသောကြောင့် တရုတ်မြို့ကြီးများတွင် ကန့်သတ်ပိတ်ဆို့မှုများ ချမှတ်လာ

ကိုဗစ်ရောဂါကူးစက်မှုများ တိုးလာသောကြောင့် တရုတ်မြို့ကြီးများတွင် ကန့်သတ်ပိတ်ဆို့မှုများ ချမှတ်လာ

တရုတ်နိုင်ငံသည် ကူးစက်မြန် အိုမီခရွန် ကိုဗစ်-၁၉ မျိုးကွဲကို အမြစ်ဖြတ်ရန် ရည်ရွယ်သော အင်တိုက်အားတိုက်ရှင်းလင်းရေးနည်းလမ်းကို ဆက်လက်လုပ်ဆောင်နေစဉ်မှာ ရှန်ဟိုင်းတွင် ဧပြီ ၁၅ ရက်က ရောဂါလက္ခဏာပြသော ကိုဗစ်-၁၉ရောဂါဖြစ်ပွားသူအရေအတွက် စံချိန်တင်မြင့်တက်ခဲ့ပြီး တရုတ်နိုင်ငံတစ်ဝန်းရှိ အခြားနေရာများတွင် ကန့်သတ်ချက်များ ချမှတ်ခဲ့သည်။

Apple Inc ကို ပေးသွင်းသူ အီလက်ထရွန်းနစ်ကုမ္ပဏီ Foxconn ပါဝင်သည့် အဓိက ကျသော တရုတ်ကုန်ထုတ်လုပ်ငန်း နယ်မြေဖြစ်သည့် ကျန်းကျိုးလေဆိပ်စီးပွားရေးဇုန်တွင် ကပ်ရောဂါအခြေအနေအရ သီတင်း ၂ ပတ်ကြာ အသွားအလာပိတ်ဆို့မှုကို ဧပြီ ၁၅ ရက်တွင် ကြေညာခဲ့သည်။

ယခုလအတွင်း ကိုဗစ်ကူးစက်မှုပေါင်း ဒါဇင်နှင့်ချီ၍ တွေ့ရှိပြီးနောက် တရုတ်နိုင်ငံအနောက်မြောက်ပိုင်းရှိ ရှီအန်းမြို့နေထိုင်သူများအား မလိုအပ်ဘဲ အပြင်မထွက်ကြရန်နှင့် ဝန်ထမ်းများကို အိမ်မှအလုပ်လုပ်ရန် သို့မဟုတ် ၎င်းတို့၏လုပ်ငန်းခွင်တွင် နေထိုင်ရန် ကုမ္ပဏီများကို တိုက်တွန်းခဲ့သည်။

တရုတ်နိုင်ငံ၏ လတ်တလောရောဂါဖြစ်ပွားမှုဗဟိုချက်ဖြစ်သော ရှန်ဟိုင်းတွင် ဧပြီ ၁၅ ရက်နေ့က ရောဂါလက္ခဏာပြလူနာပေါင်း ၃၅၉၀ နှင့် ရောဂါလက္ခဏာမပြသူ ၁၉,၉၂၃ ဦး ရှိခဲ့သည်။

မြို့နေလူဦးရေ ၂၅ သန်းလုံး အသွားအလာပိတ်ဆို့မှုအောက်တွင် ရှိနေသော်လည်း ရောဂါဖြစ်ပွားသူ အရေအတွက်သည် တစ်နိုင်ငံလုံးတွင် အများဆုံးဖြစ်သည်။

ကန့်သတ်ချက်များသည် ယခုနှစ်အတွင်း နိုင်ငံ၏စီးပွားရေးတိုးတက်မှုနှုန်းအပေါ် သက်ရောက်မှုရှိမည်ဟု စီးပွားရေးပညာရှင်များက ဆိုသည်။

ရှန်ဟိုင်းနှင့်အနီးတစ်ဝိုက်ရှိ ပစ္စည်းထောက်ပံ့ရေးကုမ္ပဏီများ လုပ်ငန်းပြန်မစနိုင်ပါက မော်တော်ယာဉ်ထုတ်လုပ်သူများသည် လာမည့်လတွင် ထုတ်လုပ်မှုကို ဆိုင်းငံ့ထားရနိုင်သည်ဟု တရုတ်လျှပ်စစ်ကားထုတ်လုပ်သူ Xpeng အကြီးအကဲက ဧပြီ ၁၅ ရက်တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံတွင် ဧပြီလ ၁၅ ရက်က ကိုရိုနာဗိုင်းရပ်ကူးစက်ခံရသူ ၂၄,၇၉၁ ဦးရှိပြီး ယင်းတို့အနက် ၃, ၈၉၆ ဦးမှာ ရောဂါလက္ခဏာပြပြီး ၂၀,၈၉၅ ဦးမှာ ရောဂါလက္ခဏာမပြခဲ့ကြောင်း အမျိုးသားကျန်းမာရေး ကော်မရှင်က ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly