တရုတ်သည် ၂၁ ရာစု၏ အရေးကြီးဆုံး စိန်ခေါ်မှုဟု စီအိုင်အေ ဒါရိုက်တာ သတ်မှတ်

တရုတ်သည် ၂၁ ရာစု၏ အရေးကြီးဆုံး စိန်ခေါ်မှုဟု စီအိုင်အေ ဒါရိုက်တာ သတ်မှတ်

တရုတ်နိုင်ငံသည် ၂၁ ရာစုတွင် အမေရိကန်၏ ပထဝီဝင်နိုင်ငံရေးဆိုင်ရာ အရေးအကြီးဆုံး စိန်ခေါ်မှု ဖြစ်ကြောင်း ဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA) မှ ဒါရိုက်တာ ဝီလျံဘန်းက ဧပြီ ၁၄ ရက်တွင် ပြောကြားသည်။

"အနာဂတ်ကိုပုံဖော်မယ့် ဒုတိယစိန်ခေါ်မှုက တရုတ်ရဲ့ ရည်မှန်းချက်ကြီးတဲ့ ခေါင်းဆောင်တွေလုပ်တဲ့ ရေရှည်ပြဿနာဖြစ်ပြီး ၂၁ ရာစုမှာ တမူထူးခြားစွာ တွေ့ရှိရတဲ့ အရေးကြီးဆုံး ပထဝီဝင်နိုင်ငံရေး စိန်ခေါ်မှုပါပဲ" ဟု ဘန်းက ဂျော်ဂျီယာနည်းပညာတက္ကသိုလ်တွင် ပြောကြားခဲ့သည်ကို ကိုးကား၍ Sputnik က ဖော်ပြသည်။

တရုတ်နိုင်ငံ၏ GDP သည် အမေရိကန်ဒေါ်လာ ၁၅ ထရီလီယံခန့်ရှိပြီး နိုင်ငံပေါင်း ၁၂၀ နှင့် ထိပ်တန်းကုန်သွယ်ဖက်နိုင်ငံဖြစ်သလို ဉာဏ်ရည်တု၊ 5G၊ ဒရုန်းများ၊ အသံထက်မြန်သော နည်းပညာနှင့် ဝက်ဘ်အပလီကေးရှင်းများတွင် ထိပ်ဆုံးနေရာယူထားသူဖြစ်ကြောင်း ဘန်းက ထောက်ပြခဲ့သည်။

အမေရိကန်ကာကွယ်ရေးထောက်လှမ်းရေးအေဂျင်စီ (DIA) ၏ အာကာသနှင့်တန်ပြန်အာကာသဆိုင်ရာ ကာကွယ်ရေးကဏ္ဍ အကြီးတန်း လေ့လာဆန်းစစ်သူ ကိတ်ရိုင်ဒါက တရုတ်နှင့် ရုရှားတို့သည် လာမည့်နှစ်ပေါင်း ၃၀ အတွင်း လနှင့် အင်္ဂါဂြိုဟ်၏ သဘာဝအရင်းအမြစ်များကို စူးစမ်းရှာဖွေ အသုံးချရန် စီစဉ်နေကြသည်ဟု ဧပြီ ၁၂ ရက်က သတိပေးခဲ့ပြီးနောက် ယခုပြောကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

အမေရိကန်ကာကွယ်ရေးထောက်လှမ်းရေးအေဂျင်စီက အမေရိကန်၏ အဓိကပြိုင်ဖက်များဖြစ်ကြသော ရုရှားနှင့်တရုတ်တို့ကို ဗဟိုပြုသည့် အာကာသအတွင်းလုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများအစီရင်ခံစာသစ်ကို ထုတ်ပြန်ခဲ့သည်။

“တရုတ်နဲ့ရုရှားတို့ဟာ ကမ္ဘာလုံးဆိုင်ရာ အာကာသစံနှုန်းအသစ်တွေ ဖန်တီးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သူတို့ကိုယ်သူတို့ အာကာသဆိုင်ရာဦးဆောင်သူအင်အားကြီးနိုင်ငံတွေအဖြစ် ရပ်တည်ဖို့ ကြိုးစားနေကြပါတယ်။ အာကာသနဲ့ တန်ပြန်အာကာသစွမ်းရည်တွေကို အသုံးပြုပြီး ကမ္ဘာမှာ အမေရိကန်ဦးဆောင်မှုကို လျှော့ချဖို့ဆန္ဒပြင်းပြနေပါတယ်” ဟု အေဂျင်စီက ပြောကြားခဲ့သည်။

ရုရှားနှင့် တရုတ်နိုင်ငံတို့၏ ပေါင်းစပ်အာကာသယာဉ်စုသည် ၂၀၁၉ မှ ၂၀၂၁ ခုနှစ်အတွင်း ၇၀ ရာခိုင်နှုန်း ကြီးထွားခဲ့သည်။ ၂၀၁၅-၂၀၁၈ ကာလတွင် နှစ်နိုင်ငံသည် ၎င်းတို့၏ သက်ဆိုင်ရာ စစ်ရေယာဉ်များအား ၂၀၀ ရာခိုင်နှုန်းကျော် တိုးမြှင့်ခဲ့ကြောင်း DIA မှ ပြောသည်။

တရုတ်နှင့် ရုရှားတို့၏ ပေါင်းစပ်ဂြိုလ်တုယာဉ်များကို ၂၀၀ ရာခိုင်နှုန်းထက်မနည်း တိုးမြှင့်ခဲ့သည့် (၂၀၁၅-၂၀၁၈) တိုးတက်မှုကာလအပြီးတွင် မကြာသေးမီက အင်အားထပ်မံတိုးချဲ့လာခြင်းဖြစ်သည်ဟု အေဂျင်စီက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly