“ အာရပ်နွေဦးထက် သာလွန်တဲ့ မြန်မာ့ အသွင်ကူးပြောင်းရေး၊ မှန်သလား”

“ အာရပ်နွေဦးထက် သာလွန်တဲ့ မြန်မာ့ အသွင်ကူးပြောင်းရေး၊ မှန်သလား”

အခုဆိုရင် မြန်မာနိုင်ငံဟာ သမိုင်းဝင် အချိန်အခါတစ်ခုကို ဖြတ်သန်းနေကြပါတယ်။ လွတ်လပ်ရေး ရပြီးကတည်းက ပေါ်ပေါက်ခဲ့ခြင်းမရှိတဲ့ အစိုးရ တစ်ရပ်ကနေ ရွေးကောက်ခံရတဲ့ နောက်အစိုးရ တစ်ရပ်ကို အဆင်ပြေပြေ ချောချောမွေ့မွေ့ တာဝန်လွဲှပြောင်းပေးဖို့ တစ်ဆင့်ပြီးတစ်ဆင့် လုပ်ကိုင်နေ ကြလို့ ဖြစ်ပါတယ်။ ဇန်နဝါရီ ၂၈ ရက်နေ့ဟာ ပထမအကြိမ် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော်တွေရဲ့ နောက်ဆုံးနေ့ ဖြစ်ပါတယ်။ လွှတ်တော်အသီးသီးမှာ ပါတီ ကိုယ်စားလှယ် အမတ်တွေ နှုတ်ဆက် စကားပြောကြပါတယ်။ အလားတူပါပဲ။ သက်တန်းကုန်လို့ တာဝန်ကနေ အနားယူ၊ အိမ်ပြန် တော့မယ့် အမတ်တွေကိုလည်း သမ္မတက လွှတ်တော်တွင်း လာရောက်ပြီး နှုတ်ဆက် မိန့်ခွန်းစကား ပြောပါတယ်။ သမ္မတ ဦးသိန်းစိန်ရဲ့ နောက်ဆုံး မိန့်ခွန်း မဟုတ်ပေမယ့် ပထမအကြိမ် လွှတ်တော် အစည်းအဝေးထဲမှာ စကားပြောတဲ့ နောက်ဆုံးအကြိမ်ပဲ ဖြစ်ပါတယ်။ သူ ဘာတွေ ပြောသွားသလဲ၊ ၅ နှစ်တာ သက်တန်းအတွင်း သူ့အောင်မြင်မှု၊ မအောင်မြင်မှုတွေက ဘာဖြစ်မလဲဆိုတာ လေ့လာကြည့် ကြရအောင်။

ပြောရရင် သမ္မတ ဦးသိန်းစိန် တာဝန်မယူခင် အချိန်ထိ နိုင်ငံမှာ စစ်အာဏာရှင်စနစ် ထွန်းကား ခဲ့တာပါ။ အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ လွှတ်တော်၊ အစိုးရအဖွဲ့နဲ့ တပ်မတော် ခွဲခြားဖန်တီး လိုက်ပြီး စစ်ဗိုလ်ချုပ်တစ်ယောက်စီကို တာဝန်တစ်ခုစီ ခွဲဝေ ချထားပေးသွားတာပါ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အာဏာ ကန့်လန့်ကာနောက်ကွယ် ဝင်သွားတဲ့အချိန် တိုင်းပြည်ဟာ စီးပွားရေး၊ ပညာရေး၊ လူမှုရေး အဖက်ဖက်က နိမ့်ကျနေတဲ့ အနေအထားပါ။ အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ စီးပွားရေး ပိတ်ဆို့မှုဒါဏ် ခံနေရတဲ့ အနေအထားပါ။ အလုပ်အကိုင် ရှားပါးမှုကြောင့် သန်းနဲ့ချီတဲ့ ပြည်သူတွေ ပြည်ပထွက်ခွာ အလုပ်လုပ်နေရတဲ့ အနေအထားမျိုးပါ။

နိုင်ငံရေးသမား အများစု နှစ်ရှည်ထောင်ဒါဏ် တွေ ချခံထားရပြီး အကျဉ်းထောင်တွေထဲ ရောက်နေခဲ့တာမျိုးပါ။ အဲဒီလို အနေအထားမျိုးမှာ သမ္မတ ဦးသိန်းစိန်ဟာ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီ စနစ်ဆီကို အသွင်ကူးပြောင်းရေး စပြီး လုပ်ခဲ့တာ ဖြစ်ပါတယ်။

မိန့်ခွန်းထဲမှာ သမ္မတ ဦးသိန်းစိန်ပြောတဲ့ အခု စကားတစ်ခွန်းကတော့ အလွန်မှန်ကန်ပါတယ်။ “ကျွန်တော်တို့နိုင်ငံမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို စတင် အကောင်အထည်ဖော်တဲ့ အချိန်မှာ ပဲ အရှေ့အလယ်ပိုင်းဒေသက အာရပ်နိုင်ငံများမှာ အာရပ်နွေဦးအမည်နဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်း ရေးကို စတင် အကောင်အထည် ဖော်ခဲ့ပါတယ်။ အခု ငါးနှစ်ကြာလာတဲ့အချိန်မှာ အရှေ့အလယ်ပိုင်း ဒေသက ဒီမိုကရေစီ အသွင်ကူးပြောင်းစ နိုင်ငံများမှာ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် နိုင်ငံများ ပြိုကွဲ ပျက်စီးနေတာ၊ သန်းနဲ့ချီတဲ့ ပြည်သူတွေ ဒုက္ခသည်အဖြစ် ထွက်ပြေး တိမ်းရှောင်နေရတာ၊ မင်းမဲ့ စရိုက်နဲ့ အစွန်းရောက်ဝါဒတွေ ထွန်းကားလာတာတွေကြောင့် မူလရည်မှန်းချက်ဖြစ်တဲ့ ဒီမိုကရေစီပန်း တိုင်နဲ့ အလှမ်းဝေးသထက် ဝေးလာတာကို တွေ့ရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ကျွန်တော်တို့ မြန်မာနိုင်ငံ မှာတော့ အခက်အခဲအချို့နဲ့ စိန်ခေါ်မှုအချို့ ရှိနေသေးပေမယ့် ဒီမိုကရေစီအသွင် ကူးပြောင်းရေးလုပ် ငန်းများကို တည်ငြိမ်အေးချမ်းစွာနဲ့ တစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည် ဖော်နိုင်ခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီအခြေအနေဟာ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ရဲ့ အထူးခြားဆုံး အောင်မြင်မှုဖြစ်ပြီး နိုင်ငံတကာက စံနမူနာပြု လေ့လာရတဲ့ ဖြစ်စဉ်လည်း ဖြစ်ပါတယ်။ ဒါဟာ မြန်မာ နိုင်ငံနဲ့ ပြည်သူများရဲ့ အောင်ပွဲလည်း ဖြစ်ပါတယ်” ဆိုတဲ့ စကားပါ။ တကယ်လည်း မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဟာ စံနမူနာပြစရာ ဖြစ်နေတာပါ။

သမ္မတ ဦးသိန်းစိန်ပြောတဲ့ နောက် အရေးကြီးတစ်ချက်ကတော့ နောင်တက်လာမယ့် အင်န်အယ်လ်ဒီ အစိုးရကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို လက်ဆင့်ကမ်းသွားတာပါ။ အားလုံးသိ ကြပြီဖြစ်တဲ့ အတိုင်း သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ တစ်တိုင်းပြည်လုံး အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပေါ်ပေါက်လာရေး၊ ထာဝရ ငြိမ်းချမ်းရေး ရရှိရေး ဆောင်ရွက်ခဲ့ပေမယ့် အတိုင်းအတာ တစ်ခုအထိပဲ အောင်မြင်မှု ရခဲ့ပါတယ်။ နောင်တက်လာမယ့် အစိုးရအဖွဲ့အနေနဲ့ လက်နက်ကိုင် အင်အားစုတွေနဲ့ အပစ်ရပ်ရေး ဆက်ဆွေးနွေး ကြရဦးမှာဖြစ် သလို၊ အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဖြစ်ပေါ်အောင်လည်း အကောင်အ ထည် ဖော်ကြရဦးမှာပါ။

သမ္မတ ဦးသိန်းစိန်ဟာ သတင်းမီဒီယာ လွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီးတော့လည်း ပြောဆိုသွား ပါသေးတယ်။ မှန်ပါတယ်။ သမ္မတ ဦးသိန်းစိန် လက်ထက်မှာ ပုံနှိပ်မီဒီယာကဏ္ဍ လွတ်လပ်စွာ ရေးသား၊ ပုံနှိပ်ထုတ်ဝေခွင့် ရလာတာ၊ ပြည်တွင်း၊ ပြည်ပ သတင်းဌာနတွေက လွတ်လပ်စွာ သတင်း ရယူနိုင်တာတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း အစွမ်းထက်တဲ့ ရေဒီယိုနဲ့ ရုပ်သံ မီဒီယာတွေကိုတော့ နောက်ဆုံး အချိန်ထိ လွတ်လပ်ခွင့် ပေးမသွားခဲ့ပါဘူး။ ဒါဟာလည်း အောင်မြင်မှု အပြည့်အဝရဖို့ လိုအပ်နေသေးတဲ့ ကဏ္ဍတစ်ခု ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန် မိန့်ခွန်းထဲမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားခဲ့တာတွေကို အသေးစိတ်နီးပါး ပြောဆိုသွားပါတယ်။ မိုဘိုင်းဖုန်းနဲ့ အင်တာနက် အသုံးပြုမှု မြင့်တက်လာအောင် လုပ်တဲ့ကိစ္စ၊ လျှပ်စစ်မီးရလာအောင် လုပ်ပေးတဲ့ကိစ္စ၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှု တိုးတက်လာအောင် လုပ်ပေးခဲ့တဲ့ကိစ္စ၊ နိုင်ငံခြားဘဏ်တွေကို ရင်းနှီးမြှုပ်နှံမှု ပေးခဲ့တဲ့ ကိစ္စ၊ နိုင်ငံသား တစ်ဦးချင်း ဝင်ငွေ တိုးတက် လာအောင် လုပ်ပေးနိုင်တဲ့ ကိစ္စ အများကြီး ပါပါတယ်။ မှန်ပါတယ်။ ဒါပေမယ့်လည်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုမှာ အရေးပါတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အပိုင်းတွေ၊ အစိုးရ ယန္တယား စွမ်းဆောင်ရည် ကျဆင်းနေတာတွေနဲ့ ပတ်သက်လို့ကတော့ ထုတ်ဖော်ပြောဆိုသွားတာ တော့ မရှိခဲ့ပါဘူး။

အားလုံးကို ခြုံငုံသုံးသပ်ကြည့်ရင် သမ္မတ ဦးသိန်းစိန်ဟာ တိုင်းပြည် ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုး တက်ရေးကို အောင်မြင်မှု အပြည့်အဝရအောင် မစွမ်းဆောင်နိုင်ခဲ့တဲ့တိုင် မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ညင်ညင်သာသာ ချောချောမွေ့မွေ့ဖြစ်အောင် ရှေ့ဆောင်လမ်းပြ၊ ဦးဆောင် သွားသူ တစ်ယောက်အနေနဲ့တော့ ဂုဏ်ပြုထိုက်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly