နွားထိုးကြီးမြို့နယ်၊ ပြင်စည်ကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့ ပစ်ခတ်ခံရ၊ စစ်သား ၂ ဦးသေဆုံး

16 April 2022
နွားထိုးကြီးမြို့နယ်၊ ပြင်စည်ကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့ ပစ်ခတ်ခံရ၊ စစ်သား ၂ ဦးသေဆုံး

ဧပြီ ၁၆

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ပြင်စည်ကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို နွားထိုးကြီးပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သားနှစ်ဦးသေဆုံးကြောင်း သိရသည်။

စစ်သားရှစ်ယောက်ပါ စစ်ကောင်စီတပ်ဖွဲ့သည် ပြင်စည်ရွာဓာတ်အားခွဲရုံတွင် တပ်စွဲထားခြင်းဖြစ်ပြီး ဧပြီလ ၁၅ ရက် ည ၈ နာရီခန့်တွင် အဝေးပစ် ၄၀ မမ ရှစ်လုံးဖြင့် ပစ်ခတ်ခဲ့သည်ဟု နွားထိုးကြီး PDF မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“မနေ့ညက ကင်းစောင့်တဲ့ စခနှစ်ကောင် ပွဲချင်းပြီးသေတယ်။ ထိခိုက်ဒဏ်ရာရသူတွေကိုလည်း မိတ္ထီလာ ပို့တယ်။ သေဖို့များတယ်။ သူတို့ဘက်မှ ၁၀ ချက်လောက်ပဲ ပြန်ပစ်နိုင်တယ် ကျွန်တော်တို့ကတော့ အထိခိုက်မရှိဘဲ လွတ်မြောက်နယ်မြေရောက်နေပါပြီ ” ဟု နွားထိုးကြီး PDF တပ်ဖွဲ့ဝင် ၁ ဦးကပြောသည်။

ပြင်စည်ကျေးရွာရှိ အဆိုပါစစ်ကောင်စီတပ်သားများသည် အရက်သေစာသောက်စားပြီး လမ်းသွား လမ်း လာများကို သေနတ်ပြခြိမ်းခြောက်ကာ ပိုက်ဆံများ အဓမ္မတောင်းခံကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ ဧပြီ ၁၆ ရက်တွင်လည်း ပျားကျေးရွာ၌တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့သည် နွားထိုးကြီးမြို့သို့ ဖောကားတစ်စီးဖြင့် သွားနေစဉ် မိုင်းခွဲတိုက်ခိုက်ကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုတွင် အထိခိုက် အသေပျောက်မရှိကြောင်း နွားထိုးကြီး PDF တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

#Mizzima

#နွားထိုးကြီးPDF

#ပစ်ခတ်တိုက်ခိုက်

#စစ်ကောင်စီတပ်ဖွဲ့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly