“ချုံခိုတိုက်ခိုက်နည်း”

16 April 2022
“ချုံခိုတိုက်ခိုက်နည်း”

အကြမ်းဘက်စစ်ကောင်စီ၏ တန်ပြန်ပြောက်ကျားစစ်ဆင်ရေး စစ်နည်းဗျူဟာများ အပိုင်း(၈)

“ချုံခိုတိုက်ခိုက်နည်း”

ပြောက်ကျားတပ်ဖွဲ့တွေကို တိုက်ခိုက်ဖို့အတွက် အကြမ်းဘက် စစ်အုပ်စုက ခင်းကျင်းပြင်ဆင်ထားတဲ့ စစ်နည်းဗျူဟာ(၇)ခုထဲမှာ ချုံခို တိုက်ခိုက်တဲ့နည်းဗျူဟာတစ်ခုလည်း ပါဝင်နေတာကို တွေ့ရပါတယ်။

ချုံခိုတိုက်ခိုက်နည်းကို ပြောက်ကျားတပ်ဖွဲ့တွေကသာ သုံးစွဲကြတာ မဟုတ်ပဲ၊ တန်ပြန်ပြောက်ကျားတပ်တွေကလည်း အသုံးပြုနိုင်တယ်ဆိုတဲ့ အချက်ကို သတိပြုရမှာဖြစ်ပါတယ်။

ဒီနေရာမှာ ချုံခိုတိုက်ခိုက်ရတဲ့တပ်ရဲ့ ရည်ရွယ်ချက်တွေကို သိရှိထား ဖို့ လိုအပ်ပါတယ်။ စစ်ပညာကျွမ်းကျင်သူ ဗြိတိသျှစစ်ဗိုလ်ချုပ် ဖူလာ ရဲ့ အဆိုအရ ချုံခိုတိုက်ပွဲဆိုတာ ရန်သူ မမျှော်မှန်းထားတဲ့အငိုက်နဲ့ ရန်သူ မတန်ပြန်နိုင်တဲ့အငိုက် (၂)မျိုးစလုံးကိုရရှိနိုင်တဲ့ စစ်ဆင်မှုတခုဖြစ်ပါတယ်။

အဓိပ္ပာယ်ဖွင့်ပြရရင် ချုံခိုတိုက်ပွဲဆိုတာ လှုပ်ရှားနေတဲ့ ဒါမှမဟုတ် ခေတ္တရပ်တန့်နေတဲ့ရန်သူကို ပုံဖျက်ဖုံးကွယ်ထားတဲ့နေရာတွေက ပစ်ခတ် တိုက်ခိုက်ချေမှုန်းခြင်း ဖြစ်ပါတယ်။

ဖွင့်ဆိုချက်က ရိုးရှင်းပေမဲ့လည်း အောင်မြင်မှုရရှိဖို့အတွက် မိမိဘက် က သေချာစွာပြင်ဆင်နိုင်ဖို့ အလွန်အရေးကြီးပါတယ်။ 
ချုံခိုတိုက်နည်းကို ပြောက်ကျားစစ်ဆင်ရေးနဲ့၊ တန်ပြန်ပြောက်ကျား စစ်ဆင်ရေးတွေမှာပါ သုံးစွဲနိုင်တယ်လို့ဆိုပေမဲ့ ချုံခိုတိုက်ခိုက်မယ့်တပ်ဖွဲ့ တွေရဲ့ ခြေလုံလက်လုံရှိမှု၊ မြေအနေအထားကျွမ်းကျင်မှုနဲ့ လျှင်မြန်စွာ စု/ဖြန့် လှုပ်ရှား စစ်ကစားနိုင်မှုတွေအရ အကြမ်းဘက်စစ်အုပ်စုရဲ့ တပ်တွေ ထက် နယ်မြေခံပြောက်ကျားတပ်ဖွဲ့တွေကသာ ပိုမိုထိရောက်စွာ အသုံးချ နိုင်မှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်ခင်ဗျား။     
#Politics
#MizzimaTV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly