၂၀၂၄ ခုနှစ်မတိုင်မီ နှစ်စဉ် ရုရှား-တရုတ် ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၂၀၀ ဘီလီယံ ရှိလာနိုင်

၂၀၂၄ ခုနှစ်မတိုင်မီ နှစ်စဉ် ရုရှား-တရုတ် ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၂၀၀ ဘီလီယံ ရှိလာနိုင်

အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများနှင့် နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်မြှင့်တင်မှုကြောင့် ရုရှားနှင့်တရုတ် နှစ်နိုင်ငံကုန်သွယ်မှုသည် သတ်မှတ်နှစ် ၂၀၂၄ မတိုင်မီတွင် နှစ်စဉ် အမေရိကန်ဒေါ်လာ ၂၀၀ ဘီလီယံအထိ ရောက်ရှိနိုင်သည်ဟု ဟာပင်းမြို့ရှိ ရုရှားကောင်စစ်ဝန်ရုံးက ဧပြီ ၁၄ ရက်တွင် ပြောကြားသည်။

“နှစ်နိုင်ငံရဲ့ ရည်မှန်းချက်ကတော့ ၂၀၂၄ ခုနှစ်မှာ အပြန်အလှန်ကုန်သွယ်မှုပမာဏ ဒေါ်လာ၂၀၀ ဘီလီယံအထိ ရှိလာဖို့ ဖြစ်ပါတယ်။ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေနဲ့ ရုရှား-တရုတ် ကုန်သွယ်ရေးနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေ အရှိန်အဟုန် ကြီးထွားလာမှုက ဒီရည်မှန်းချက်ကို စောစောစီးစီး ဖြစ်သွားနိုင်ပါတယ်” ဟု သံတမန်မစ်ရှင်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တရုတ်အကောက်ခွန်အရ ၂၀၂၂ ခုနှစ် ပထမသုံးလပတ်တွင် နှစ်နိုင်ငံကုန်သွယ်မှုသည် ၂၈ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ပမာဏမှာ အမေရိကန်ဒေါ်လာ ၃၈ ဒသမ ၁၇ ဘီလီယံဖြစ်သည်။ တစ်ချိန်တည်းမှာပင် ရုရှားသို့ တရုတ်တင်ပို့မှုမှာ ဒေါ်လာ ၁၆ ဒသမ ၄ ဘီလီယံရှိကာ ၂၅ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး တရုတ်သို့ ရုရှားတင်ပို့မှုမှာ ဒေါ်လာ ၂၁ ဒသမ ၇ ဘီလီယံရှိပြီး ၃၁ ရာခိုင်နှုန်းအထိ တိုးလာခဲ့သည်။

နှစ်နိုင်ငံကြား စီးပွားရေးလုပ်ငန်းများသည် ပထမသုံးလပတ်တွင် အစဉ်အလာအားဖြင့် လျော့ကျခဲ့ပြီး တစ်နှစ်တာ၏ ဒုတိယနှစ်ဝက်တွင် နှစ်နိုင်ငံကုန်သွယ်မှု အမြင့်ဆုံးဖြစ်လေ့ရှိကြောင်း ကောင်စစ်ဝန်ရုံးက ပြောသည်။

၂၀၂၁ ခုနှစ်နှောင်းပိုင်းတွင် ရုရှားနှင့် တရုတ်အကြား ကုန်သွယ်မှု ၃၅ ဒသမ ၈ ရာခိုင်နှုန်း တိုးလာပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၄၆ ဒသမ ၈၈၇ ဘီလီယံထိ စံချိန်တင်မြင့်တက်ခဲ့သည်။ နှစ်နိုင်ငံ ခေါင်းဆောင်များသည် ကုန်သွယ်မှုဝင်ငွေကို နှစ်ဆတိုးရန် ရည်မှန်းချက် ချမှတ်ထားပြီး တစ်နှစ်လျှင် ဒေါ်လာ

၁၀၀ ဘီလီယံ (၂၀၁၈ ခုနှစ်တွင် ရောက်ရှိခဲ့ ) မှ ၂၀၂၄ ခုနှစ်တွင် ဒေါ်လာ ၂၀၀ ဘီလီယံ အထိ ရှိလာစေရန် ဖြစ်သည်။

ဖေဖော်ဝါရီ ၄ ရက်က တရုတ်နှင့် ရုရှားခေါင်းဆောင်များသည် ပေကျင်းတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ စေ့စပ်ညှိနှိုင်းမှုအပြီးတွင် တရုတ်သမ္မတရှီကျင့်ဖျင်က နှစ်နိုင်ငံကုန်သွယ်မှုကို တစ်နှစ်လျှင် ဒေါ်လာ ၂၅၀ ဘီလီယံအထိ တိုးမြှင့်ရန် ရည်မှန်းချက်အသစ် ချမှတ်လိုက်ကြောင်း ရုရှားသမ္မတရုံးပြန်ကြားရေးတာဝန်ခံ ဒီမီထရီပတ်စ်ကော့ဗ်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly