အကျပ်အတည်းဆိုက်နေသည့် သီရိလင်္ကာက နိုင်ငံခြားကြွေးမြီအားလုံး ပေးဆပ်ရန် ပျက်ကွက်

အကျပ်အတည်းဆိုက်နေသည့် သီရိလင်္ကာက နိုင်ငံခြားကြွေးမြီအားလုံး ပေးဆပ်ရန် ပျက်ကွက်
Photo - Google

ဧပြီလ ၁၂ ရက်

ကျွန်းနိုင်ငံ သီရိလင်္ကာအနေဖြင့် မှတ်တမ်းရှိသမျှတွင် အဆိုးဆုံး စီးပွားရေး အကျပ်အတည်းကို ခါးစည်းခံနေရပြီး အစိုးရ နုတ်ထွက်ရေး တောင်းဆိုသည့် ဆန္ဒပြပွဲများ ဖြစ်ပွားပေါ်ပေါက်လျက် ရှိနေစဉ် အမေရိကန်ဒေါ်လာ ၅၁ ဘီလီယံဖိုး နိုင်ငံခြားချေးငွေအားလုံးကို ပေးဆပ်ရန် ပျက်ကွက်ပြီ ဖြစ်သည်။

စားနပ်ရိက္ခာနှင့် လောင်စာဆီ ဆိုးဆိုးဝါးဝါး ပြတ်လပ်ခြင်းနှင့်အတူ နေ့စဉ် အချိန်ကြာမြင့်စွာ လျှပ်စစ်မီး ပြတ်တောက်ခြင်းများက လူဦးရေ ၂၂ သန်းရှိသော နိုင်ငံအား ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရရှိချိန်မှနောက်ပိုင်း အဆိုးဆုံးသော အကျပ်အတည်းကို ခံစားကြုံတွေ့စေသည်။ 

မကြာသေးသော သီတင်းပတ်များအတွင်း လူအုပ်များက အစိုးရခေါင်းဆောင်များ၏ အိမ်များကို စီးနင်းရန် ကြိုးစားခြင်းနှင့်အတူ ပြည်သူလူထု၏ စိတ်ဆိုးဒေါသထွက်မှုများက ဒီရေမြင့်တက်နေပြီး ဆန္ဒပြသူများအား လုံခြုံရေးတပ်များက မျက်ရည်ယို ဓာတ်ငွေ့များနှင့် ရာဘာကျည်များဖြင့် ပစ်ခတ်လူစုခွဲသည်။ 

နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF နှင့် ဆွေးနွေးကာ ချေးငွေမရရှိသေးချိန်တွင် နိုင်ငံခြားအစိုးရများထံမှ ချေးငွေများအပါအဝင် ပြည်ပကြွေးမြီအားလုံးကို နိုင်ငံအနေဖြင့် မဆပ်နိုင်တော့ပြီဖြစ်ကြောင်း သီရိလင်္ကာ ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောသည်။ 

“သမ္မတ နိုင်ငံရဲ့ ဘဏ္ဍာရေး အနေအထား နောက်ထပ် ယိုယွင်းဆိုးဝါးလာမှာကို ကာကွယ်ဖို့အတွက် အစိုးရဟာ အရေးပေါ် လုပ်ငန်းစဉ်ကို လုပ်ဆောင်နေရပါတယ်”ဟု ဝန်ကြီးဌာနက ထုတ်ပြန်ချက်၌ ဆိုသည်။ 

ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးက ခရီးသွားလုပ်ငန်းနှင့် ငွေလွှဲငွေပို့ခြင်းမှ အရေးပါသော ဘဏ္ဍာဝင်ငွေကို ဖိစီးခဲ့ပြီးနောက် မရှိမဖြစ် ကုန်စည်များ တင်သွင်းရန် မတတ်နိုင်ဖြစ်ခြင်းနှင့်အတူ သီရိလင်္ကာတွင် တမုဟုတ်ချင်း ကြီးထွားလာသော စီးပွားရေး အကျပ်အတည်း စတင်ဖြစ်ပွားလာခဲ့ခြင်း ဖြစ်သည်။ 

အစိုးရသည် နိုင်ငံခြား အရန်ငွေကြေးအား ထိန်းသိမ်းနိုင်ရန် သွင်းကုန်များကို ကျယ်ကျယ်ပြန့်ပြန့် တားမြစ်ခဲ့ပြီး ကြွေးမြီဆပ်နိုင်ရေးအတွက် အသုံးပြုရာမှ ယခုတွင် ကြွေးမြီမဆပ်နိုင်တော့သည့်အထိ ဖြစ်လာခဲ့ရသည်။ 

အစိုးရ၏ စီမံခန့်ခွဲမှု အလွဲများ၊ ချေးငွေစုပုံမှု ရေရှည်ခြင်းနှင့် ညံ့ဖျင်းစွာ အကြံပေးသည့် အခွန်ဖြတ်တောက်ခြင်းများကြောင့် အကျပ်အတည်းက ပို၍ ဆိုးဝါးရသည်ဟု စီးပွားရေးပညာရှင်များက ပြောကြသည်။ 

အစိုးရအပေါ် ပြည်သူအများ စိတ်ပျက်ခြင်းက ကျယ်ပြန့်လျက် ရှိနေပြီး ဓာတ်ဆီ၊ ဓာတ်ငွေ့နှင့် ဟင်းချက်ရာတွင် သုံးသည့် ရေနံဆီတို့ ဝယ်ယူရန် နေ့စဉ် လူတန်းရှည်ကြီးဖြင့် တန်းစီစောင့်ဆိုင်း ဝယ်ယူနေကြရသည်။ 

မြို့တော် ကိုလံဘိုရှိ သမ္မတ ရာဂျာပတ်စာ၏ ပင်လယ်ကမ်းခြေက ရုံး အပြင်ဘက်တွင် လူထောင်ပေါင်းများစွာက စခန်းချကာ သမ္မတ နုတ်ထွက်ရေး တောင်းဆိုဆန္ဒပြနေသည်မှာလည်း လေးရက်ဆက်တိုက် ရှိနေပြီ ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly