ကန့်ဘလူမြို့နယ် ပင့်သာရွာပျူစောထီးစခန်းအား ကာကွယ်ရေးအဖွဲ့များ ပူးပေါင်းတိုက်ခိုက်

ကန့်ဘလူမြို့နယ် ပင့်သာရွာပျူစောထီးစခန်းအား ကာကွယ်ရေးအဖွဲ့များ ပူးပေါင်းတိုက်ခိုက်

ဧပြီလ ၁၂ ရက်

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၊ ကန့်ဘလူ-ကောလင်းလမ်းပေါ်ရှိ ပင့်သာရွာ ပျူစောထီးစခန်းအား ဧပြီ လ ၁၁ ရက်နေ့ နံနက် ၁ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ကာကွယ်ရေးအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ ကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။

ပင့်သာရွာတွင် ပျူစောထီးနှင့် ၎င်းတို့၏မိသားစုဝင်စုစုပေါင်း ၈၀ ခန့်ရှိပြီး စစ်ကောင်စီမှ လက်နက်များ တပ်ဆင်ပေးထားကာ အပြန်အလှန်ပစ်ခတ်မှု မိနစ် ၅၀ ကြာ ဖြစ်ပွားခဲ့ကြောင်းသိရပြီး ပျူစောထီး ၄၀ ခန့် သေဆုံးခဲ့ကြောင်း ဆိုသည်။

"ကျွန်တော်တို့ ရွာအနောက်ဘက်ကနေ လက်နက်ကြီးနဲ့ပစ်ပြီး စာသင်ကျောင်းအရှေ့ဘက်ရယ်၊ မြောက် ဘက်ရယ်ကနေ ဝင်စီးခဲ့တယ်။ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနဲ့ သူ့နောက်လိုက်တွေပေါ့။ အကုန်လုံးကို လက်နက်တပ်ဆင်ပေးထားတယ်" ဟု ကန့်ဘလူ Local PDF အဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါထိတွေ့တိုက်ပွဲတွင် ပျူစောထီး အဖွဲ့ဝင် ၄၀ ခန့်သေဆုံးခဲ့ပြီး G3 မောင်းပြန်သေနတ်လေးလက်နှင့် တစ်တောင့်ထိုးသေနတ် သုံးလက် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ သေဆုံးသည့်အရေအတွက် အတိ အကျကိုမူ မဇ္ဈိမက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

"ပိုက်ဆံ ၉,၉၅၉,၀၀၀ ရယ်၊ ဆွဲကြိုးနှစ်ကုံး၊ နားတောင်းနှစ်ရံ ရတယ်။ ပစ္စည်းတွေနဲ့ ပိုက်ဆံတွေကိုတော့ ကျွန်တော်တို့အဖွဲ့ခေါင်းဆောင်တွေကို အပ်လိုက်တယ်" ဟု ၎င်းကပြောသည်။

ပင့်သာရွာသည် ကန့်ဘလူ-ကောလင်းလမ်းမပေါ်တွင်ရှိပြီး ကန့်ဘလူမြို့နှင့် ၁၇ မိုင်ခန့်ဝေးကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required