တီးတိန်မြို့နယ်အတွင်းရှိ ဘိန်းစိုက်ခင်းနှင့်ပတ်သက်ပြီး CDF ၏ စွပ်စွဲချက်အား ZRA ငြင်းဆိုလိုက်ပြီး ပူးပေါင်း တိုက်ဖျက်ခြင်းသာ အကောင်းဆုံးဟု ပြောကြား

တီးတိန်မြို့နယ်အတွင်းရှိ ဘိန်းစိုက်ခင်းနှင့်ပတ်သက်ပြီး CDF ၏ စွပ်စွဲချက်အား ZRA ငြင်းဆိုလိုက်ပြီး ပူးပေါင်း တိုက်ဖျက်ခြင်းသာ အကောင်းဆုံးဟု ပြောကြား

ဧပြီလ ၁၀ ရက်

ချင်းပြည်နယ် တီးတိန်မြို့နယ် ထင်းလှေးကျေးရွာအနီးတွင် တစ်ဧကခန့်ရှိသော တောင်ယာဘိန်းစိုက်ခင်းအား Chinland Defense Force – Hualngoram မှ ဖျက်ဆီးခဲ့ပြီး ၎င်းအခင်းပိုင်ရှင်မှာ ZRA ဖြစ်ကြောင်းပြောဆိုချက် အပေါ် ဇိုမီးတော်လှန်ရေးအဖွဲ့(ZRA) အဖွဲ့မှ တုံ့ပြန်ငြင်းဆိုလိုက်သည်။

“ဘိန်းခင်းတွေက ကျနော်တို့ ZRA တွေရှိတဲ့နေရာမှာ စိုက်လည်းမစိုက်ဘူး၊ ရှိလည်းမရှိဘူး။ အခုလို ကျနော်တို့ကို သိက္ခာကျအောင်လုပ်တာက သိပ်မဟုတ်ဘူး။ CDF- Hualngoram တွေက ကျနော်တို့ရဲ့ အကျိုးစီးပွားနဲ့ နာမည် ပျက်အောင် ခဏ ခဏ လုပ်နေတာ။ အခုလို စွပ်စွဲနေတာထက် အားလုံးပူးပေါင်းပြီးမှ တိုက်ဖျက်တာ ပိုကောင်း မယ်” ဟု ဇိုမီးတော်လှန်ရေးတပ်မတော် (အရှေ့ပိုင်းတိုင်း) စစ်ဉီးစီးချုပ် ဗိုလ်မှူးကြီးမာဆွန်ဇိုထန်မှ မဇ္စျိမကိုပြော သည်။

ယခုကဲ့သို့ မဟုတ်မမှန်စွပ်စွဲခြင်းအပေါ် လုံးဝဆန့်ကျင်ပြီး ဆက်လက်စွပ်စွဲပြောဆိုမှုများရှိလာပါက သွေးချင်း ညီ အကိုများအကြား စည်းလုံးညီညွတ်ရန်မလွယ်ကူကြောင်း ဆိုသည်။

ဘိန်းခင်းစိုက်နေရာများမှာ မဏိပူရနှင့်နီးသော အရှေ့ပိုင်း တီးတိန်နှင့် တွန်းဇံမြို့နယ်ထဲတွင်ဖြစ်ပြီး အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်မှ ဝင်လာသော ကသည်းလူမျိုးများဖြစ်ပြီး ယခင်ခေတ်အဆက်ဆက် နဝတ၊ နအဖ၊ စစ်ကောင်စီ လက်ထက်မှ ယနေ့အထိ မွေးမြူထားခြင်းဖြစ်ပြီး ၎င်းတို့အင်အားဖြင့် အနီးနားသို့သွား ရန်ပင်ခက်ခဲကြောင်းပြော သည်။

ဧပြီလ ၉ ရက်နေ့က Chinland Defense Force – Hualngoram က ဘိန်းခင်းတခုအား မီးရှို့ဖျက်ဆီးပြီး တာဝန်ခံ တစ်ဉီးအားဖမ်းဆီးထားကာ ၎င်း၏ဝန်ခံထွက်ဆိုချက်အရ အခင်းပိုင်ရှင်မှာ ZRA များဖြစ်ကြောင်း ပြောဆိုချက်အား မဇ္စျိမမှ ဖော်ပြထားသည်။

ချင်းပြည်နယ် တီးတိန်မြို့နယ်ထဲတွင် ဇိုမီးတော်လှန်ရေးတပ်မတော် (ZRA) နှင့် ချင်းအမျိုးသားတပ်မတော်(CNA) အပါဝင် လူမျိုးစုနှင့်လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ခန့် လှုပ်ရှားနေကြကြောင်း ဒေသတွင်းအရင်းအမြစ်များထံမှ သိရှိရ သည်။

ဓာတ်ပုံ - ZRA Eastern Command

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required