ကလေးမြို့နယ်အတွင်းတိုက်ပွဲ ကာကွယ်ရေးတပ်ဖွဲ့ဝင်၂ ဦး ကျဆုံး

ကလေးမြို့နယ်အတွင်းတိုက်ပွဲ ကာကွယ်ရေးတပ်ဖွဲ့ဝင်၂ ဦး ကျဆုံး

ဧပြီ ၁၀

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်း ရှားဖိုရွာအနီးတွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီ တပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ ကာကွယ်ရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် နှစ်ဦး ကျဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (ကလေး) PDF-Kalay က ဧပြီလ ၁၀ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။

တိုက်ပွဲအတွင်း ကျဆုံးခဲ့သော ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်နှစ်ဦးမှာ CDF – KKG တပ်ရင်း (၄)မှ ရဲဘော်ယောဟန်လင်း နှင့် ရဲဘော်ကျော်မင်းသိန်း တို့ဖြစ်ပြီး အကြမ်းဖက်စစ်အာဏာရှင်စနစ် ပပျောက် ရေး ၊ ပြည်သူလူထုကာကွယ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်တည်ဆောက်ရေးအတွက် တိုက်ပွဲဝင် ရင်းကျဆုံးခဲ့ရသည့်အတွက် တော်လှန်ရေး အပေါ်ပေးဆပ်မှုအား လေးစားဂုဏ်ပြု ပါကြောင်းနှင့် ကျန်ရစ်သူမိသားစုနှင့် ထပ်တူ ထပ်မျှဝမ်းနည်းကြောင်း CDF - KKG ကဆိုထားသည်။

စစ်ကောင်စီတပ်မှ အင်အား ၁၂၀ ခန့်သည် ဧပြီ ၉ ရက်နေ့ မွန်းလွဲ ၃နာရီ၃၀မိနစ်တွင် ကလေးမြို့နယ် တောင်ပိုင်းကြံသာရွာမှ အောင်သာယာနှင့် အောင်မင်္ဂလာရွာဘက်သို့ စစ်ကြောင်း ထိုးလာပြီး ရှားဖိုရွာ ဘက်သို့ ဆက်လက်ဦးတည်လာစဉ်တိုက်ပွဲဖြစ်ပွားခဲ့သည်။

ယင်းတိုက်ပွဲတွင် PDF – Kalay နှင့်အတူ ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကလေး ၊ ကဘော် ၊ ဂန့်ဂေါ်) CDF –KKG ၊ ရိန်းဂျားကလေးကာကွယ်ရေးတပ်ဖွဲ့ RKDF ၊ ပ.က.ဖ ပူးပေါင်း တပ်ဖွဲ့များမှ နေရာအသင့်ယူ၍ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံး မှုများရှိသော်လည်း အတည်ပြုနိုင်ခြင်း မရှိကြောင်း ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြပါရှိ သည်။

ဧပြီလ ၉ရက်နေ့မှ စတင်၍ ကလေးမြို့နယ်တောင်ပိုင်းတွင် စစ်ရေးတင်းမာခဲ့ပြီး ကလေး - ဂန့်ဂေါ လမ်းမကြီးအား ယခုထုတ်ပြန်ကြေညာသည့်ရက်မှစပြီး ရက်သတ္တပတ် တပတ်အတွင်း မော်တော်ယာဉ်များ ဖြတ်သန်းသွားလာခြင်းလုံးဝ မပြုလုပ်ကြပါရန် PDF-Kalay က သတိပေးထား သည်။

သတိပေးချက်အား လိုက်နာမှုမရှိဘဲ ဖြတ်သန်းသွားလာပါက ဖြစ်ပေါ်လာနိုင်သည့် လုံခြုံရေး အန္တရာယ်နှင့် အကျိုးဆက်များအား သတိပြု စေလိုကြောင်း ထုတ်ပြန်ထားသည်။

#Mizzima

#ကလေးမြို့နယ်တောင်ပိုင်း

#PDF-Kalay

#ထုတ်ပြန်ကြေညာ

#တိုက်ပွဲ

#ကျဆုံး

#ကလေး-ဂန့်ဂေါလမ်းမကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required