မြန်မာအပါအဝင် အိမ်နီးချင်းနိုင်ငံ ၃ နိုင်ငံမှ အလုပ်သမား ၁၄၀,၀၀၀ ကျော် ခေါ်ယူရေး ထိုင်း အတည်ပြု

မြန်မာအပါအဝင် အိမ်နီးချင်းနိုင်ငံ ၃ နိုင်ငံမှ အလုပ်သမား ၁၄၀,၀၀၀ ကျော် ခေါ်ယူရေး ထိုင်း အတည်ပြု
Photo - AFP

ဧပြီ ၈

မြန်မာအပါအဝင် အိမ်နီးချင်းနိုင်ငံ သုံးနိုင်ငံနှင့် နားလည်မှုစာချွန်လွှာ (MoU) စနစ်အရ ရွှေ့ပြောင်းလုပ်သား ၁၄၀,၀၀၀ ကျော် ခေါ်ယူရေး ထိုင်းလုပ်ငန်းရှင်များ၏ တင်ပြထားမှုများကို အတည်ပြုပေးလိုက်ပြီ ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ အလုပ်သမားခန့်ထားရေး ဌာန (DoE) က ပြောသည်။

ထိုင်း လုပ်ငန်းရှင်များသည် မြန်မာ၊ လာအို နှင့် ကမ္ဘောဒီးယား တို့မှ ရွှေ့ပြောင်းအလုပ်သမား ၁၆၇,၉၆၁ ဦး ခေါ်ယူရန် DoE ဌာနထံ လျှောက်ထား တင်ပြထားကြောင်း အလုပ်သမားခန့်ထားရေး ဌာန၏ ညွှန်ကြားရေးမှူးချုပ် ပိုင်ရိုဂျ် ချိုတီကာဆာသီအန်က ယမန်နေ့က ပြောသည်။

အဆိုပါ ခေါ်ယူသွားမည့် ရွှေ့ပြောင်းလုပ်သားများအနက် မြန်မာနိုင်ငံမှ ၁၁၇,၀၂၉ ဦး၊ ကမ္ဘောဒီးယားမှ ၃၈,၉၃၃ ဦးနှင့် လာအိုမှ ၁၁,၉၉၉ ဦးတို့ ပါဝင်နေသည်။

ထိုင်း လုပ်ငန်းရှင်များ၏ တင်ပြထားမှုများအနက် လက်ရှိအချိန်အထိ လုပ်သား ၁၄၄,၇၀၉ ဦး ခေါ်ယူရေးအတွက် အတည်ပြုပေးလိုက်ပြီဖြစ်သည်။

MoU အခြေခံ အလုပ်သမား ခန့်ထားရေး ဗီဇာ ဖြင့် လက်ရှိအချိန်အထိ ကမ္ဘောဒီးယားနှင့် လာအို တို့မှ ရွှေ့ပြောင်းလုပ်သား ၁၀,၀၀၀ ကျော် ရောက်ရှိထားခဲ့ကြပြီ ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံတွင် လက်ရှိ ဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေကြောင့် မြန်မာမှ လုပ်သားအနည်းငယ်မျှသာ ရောက်ရှိထားသေးသည်ဟု သိရသည်။

အလုပ်သမားများ ခေါ်ယူရာတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ကြောင်းနှင့် အချို့သော အဟန့်အတားများက ထိုင်းဘက်က ဖြေရှင်းနိုင်စွမ်း မရှိသည့် အခြေအနေ ရှိကြောင်း မစ္စတာ ပိုင်ရိုဂျ်က ပြောသည်။

၎င်းတို့ ဌာနအနေဖြင့် နိုင်ငံတွင် လုပ်သားလိုအပ်မှု ပြဿနာကို ဖြေရှင်းရန်အလို့ငှာ အလုပ်သမားများ ခေါ်ယူရန်နှင့် တစ်ချိန်တည်းမှာပင် အလုပ်သမားများအကြား COVID-19 ကူးစက်ပျံ့နှံ့နိုင်မှု အလားအလာကို လျှော့ချနိုင်ရန် ထိရောက်သည့် စနစ်တစ်ခုကို တီထွင်ဖန်တီးထားသည်ဟု ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required