ဖာပွန်ခရိုင် တိုက်ပွဲတွင် စစ်ကောင်စီတပ်နှင့် မဟာမိတ် BGF တပ်ရင်းမှူး အပါအဝင် ၂၄ ဦး သေဆုံး

ဖာပွန်ခရိုင် တိုက်ပွဲတွင် စစ်ကောင်စီတပ်နှင့် မဟာမိတ် BGF တပ်ရင်းမှူး အပါအဝင် ၂၄ ဦး သေဆုံး

ဧပြီ ၇

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် (မူတြော်ခရိုင်)၊ KNU တပ်မဟာ (၅) နယ်မြေတွင် ဧပြီလ ၄ ရက်က စစ်ကောင်စီတပ်နှင့် နယ်မြေခံ KNLA တပ်ဖွဲ့ဝင်များ တိုက်ပွဲ လေးကြိမ်ထက် မနည်း ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်နှင့် မဟာမိတ် ကရင်နယ်ခြားစောင့် တပ်ဖွဲ့ (BGF) တပ်ရင်းမှူး အပါအဝင် ၂၄ ဦး သေဆုံးကြောင်း မူတြော် သတင်းစဥ်က အတည်ပြု ထုတ်ပြန်သည်။

ဖာပွန်ခရိုင် မြောက်ပိုင်း၊ လူသောမြို့နယ်၊ စောမူပလေကျေးရွာအုပ်စု အတွင်းရှိ စောနွယ်ပလောတွင် အခြေချ တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို သုံးကြိမ် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိကြောင်း KNU က ဆိုသည်။

ယင်းနောက် ဖာပွန်မြို့ အခြေစိုက် စစ်ကောင်စီတပ်များသည် မယ်ဝေဒေသ အတွင်းရှိ ကျေးရွာများကို ဧပြီလ ၄ ရက် မွန်းလွဲပိုင်းတွင် လက်နက်ကြီးများဖြင့် ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့သည်။ ထို့နောက် ရဟတ်ယာဥ်ပေါ်မှ ကြဲချသည့် ရိက္ခာများအား လာရောက် ယူဆောင်သည့် စစ်ကောင်စီတပ်ဖွဲ့ကို KNLAက ချုံခို ပစ်ခတ်ခဲ့၍ တစ်ဦး သေဆုံးကြောင်း ဖော်ပြသည်။

ယင်းနေ့တွင်ပင် ဖားလုံးကြီးနှင့် ထီးကဆောမဲ အကြားရှိ ကလောလူခီး ဒေသတွင် မောင်းနှင်လာသည့် BGF ရိက္ခာ ယာဥ်တန်းများအား KNLA တပ်မဟာ (၅) တပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ရာတွင် BGF တပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရသူများ ရှိခဲ့ကြောင်း KNU က ဆိုသည်။

သေဆုံးသူများတွင် BGF တပ်ရင်းမှူး တစ်ဦး၊ တပ်ခွဲမှူး တစ်ဦး၊ တပ်ကြပ်ကြီး တစ်ဦးနှင့် တပ်ကြပ် တစ်ဦးပါဝင် ကြောင်း KNLA တပ်မဟာ (၅) က အတည်ပြုသည်။

ကရင်နယ်ခြားစောင့်တပ် (BGF) တပ်သည် စစ်ကောင်စီ လက်အောက်ခံ မဟာမိတ် ဖြစ်ပြီး ယင်းပူးပေါင်းတပ်နှင့် နယ်မြေခံ KNLA တပ်ဖွဲ့ဝင်များ တိုက်ပွဲများ နေ့စဥ်ဆက်တိုက် ဖြစ်ပွားနေသည်။

KNU တပ်မဟာ (၅) နယ်မြေတွင် မတ်လတွင်း တိုက်ပွဲပေါင်း ၃၅၀ ကျော် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီနှင့် BGF တပ်ဖွဲ့ဝင် ၁၀၀ ကျော် သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ အများအပြား ရှိခဲ့ပြီး KNLA ဘက်က ၁၈ ဦး ကျဆုံးခဲ့ကြောင်း တပ်မဟာ (၅) က ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့်နှစ် ဇူလိုင်လမှ ယခုနှစ် မတ်လ ၂၀ ရက်အထိ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ (EAOs) နှင့် စစ်ကောင်စီ အကြား တိုက်ပွဲ ပေါင်း၂,၁၉၃ ကြိမ် ထက်မနည်း ဖြစ်ပွားခဲ့ပြီး အဆိုပါ တိုက်ပွဲများအနက် ၈၀ ရာခိုင်နှုန်းကျော် (အကြိမ်ရေ ၁,၇၇၅ ကြိမ် ထက်မနည်း) မှာ ကရင်အမျိုးသား အစည်းအရုံး (KNU) နယ်မြေများ အတွင်း ဖြစ်ပွားခဲ့ကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျူ့ (ISP) ၏ မှတ်တမ်းများက ဆိုသည်။

#Mizzima

#KNLA

#BGF

#တပ်မဟာ(၅)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required