တရုတ်အစိုးရက ကိုဗစ်-၁၉ ဖြစ်ပွားနေသည့် ရှန်ဟိုင်းသို့ တပ်ဖွဲ့ဝင်များနှင့် ဆရာဝန်များကို စေလွှတ်

တရုတ်အစိုးရက ကိုဗစ်-၁၉ ဖြစ်ပွားနေသည့် ရှန်ဟိုင်းသို့ တပ်ဖွဲ့ဝင်များနှင့် ဆရာဝန်များကို စေလွှတ်

တရုတ်သည်ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အဆိုးရွားဆုံးရင်ဆိုင်နေရသည့် ရှန်ဟိုင်းမြို့သို့ စစ်တပ်နှင့် ကျန်းမာရေးဝန်ထမ်း ထောင်ပေါင်းများစွာကို စေလွှတ်လိုက်ကြောင်း Global Times သတင်းတွင် ဖော်ပြ ထားသည်။

တရုတ်စစ်တပ်၏ သတင်းစာကို ကိုးကား၍ Global Times က အကြီးမားဆုံး ပြည်သူ့ကျန်းမာရေးတုံ့ပြန်မှုတစ်ခုအဖြစ် ရှန်ဟိုင်းမြို့သို့ ဆေးဘက်ဆိုင်ရာဝန်ထမ်း ၂၀၀၀ ကျော်ကို စေလွှတ်ခဲ့ကြောင်း ဖော်ပြထားသည်။

ဆေးဘက်ဆိုင်ရာဝန်ထမ်းများအား တပ်မတော်၊ ရေတပ်နှင့် ပူးတွဲထောက်ပံ့ပို့ဆောင်ရေးတပ်ဖွဲ့တို့နှင့် ဆက်စပ်သော ဆေးဘက်ဆိုင်ရာဌာန ၇ ခုမှ ခေါ်ယူခဲ့သည်။ ရှန်ဟိုင်းသို့ရောက်ရှိချိန်တွင် ၎င်းအဖွဲ့သည် ဆေးကုသမှု၊ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းနှင့် အခြားလိုအပ်သောလုပ်ငန်းတာဝန်များကို လျင်မြန်စွာ လုပ်ဆောင်ခဲ့ကြောင်း သတင်းစာကဖော်ပြခဲ့သည်။

တရုတ်လေတပ်၏ အကြီးစား သယ်ယူပို့ဆောင်ရေး Y-20 လေယာဉ်တစ်စင်းသည် ရှန်ဟိုင်းမြို့ရှိ လေဆိပ်တစ်ခုတွင် ဧပြီ ၄ ရက်မနက်ပိုင်းက ရပ်နားခဲ့ကြောင်း သိရသည်။

ရှန်ဟိုင်းသည် ဧပြီ ၄ ရက်နေ့တွင် ဓာတ်ခွဲစမ်းသပ်မှုကို မြို့အနှံ့ ပြုလုပ်မည်ဖြစ်သည်။

ဧပြီ ၄ ရက်ထုတ်ပြန်ချက်အရ ရှန်ဟိုင်းတွင် ကိုဗစ်အတည်ပြုလူနာ ၄၂၅ ဦးနှင့် ရောဂါလက္ခဏာမပြသူ ၈၅၈၁ ဦးတွေ့ရှိခဲ့ကာ နောက်ဆုံးရောဂါကူးစက်မှုဖြစ်ပွားကတည်းက နေ့စဉ်ကူးစက်မှု အမြင့်ဆုံးဖြစ်ပြီး မြို့တော်အတွင်း စုစုပေါင်းကူးစက်မှု ၆၀ ၀၀၀ ကျော်ရှိလာခဲ့သည်။

တရုတ်နိုင်ငံ အရှေ့ ပိုင်း ကျန်းစု၊ ကျဲ့ကျန်း၊ အန်ဟွေး၊ ကျန်ရှီး ပြည်နယ်များ၊ မြောက်ပိုင်း တီယန်ကျင်းနှင့် အလယ်ပိုင်းရှိ ဟူပေပြည်နယ်တို့ အပါအဝင် ဒေသများကလည်း ရှန်ဟိုင်း၌ ရောဂါဖြစ်ပွားမှုကို တိုက်ဖျက်ရာတွင် ကူညီရန် ဆေးအဖွဲ့များ စေလွှတ်ပေးထားပြီး ဧပြီ ၃ ရက်အထိ ရှန်ဟိုင်းကို ပံ့ပိုးပေးသည့် အခြားဒေသများမှ ဆေးဘက်ဆိုင်ရာ ဝန်ထမ်း စုစုပေါင်း အရေအတွက် ၁၀၀၀၀ ခန့်အထိ ရှိပြီဖြစ်ကြောင်း Global Times တွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ဒေသတွင်းကိုဗစ်-၁၉ ကူးစက်သူ ၁ ၃၆၆ ဦးရှိသည်။

တရုတ်နိုင်ငံသည် ဝူဟန်၌ ကိုရိုနာဗိုင်းရပ်ပထမဆုံးတွေ့ရှိပြီးနောက် ပြီးခဲ့သည့်လက အဆိုးရွားဆုံးကူးစက်ဖြစ်ပွားမှုကို ရင်ဆိုင်ခဲ့ရသည်။ တရုတ်နိုင်ငံအတွင်းတွင် မတ် ၁ ရက်မှ ၂၄ ရက်အထိ ကိုဗစ်ကူးစက်မှု ၅၆,၀၀၀ ရှိခဲ့ပြီး လွန်ခဲ့သည့် ၂ နှစ်ခန့်က ဝူဟန်တွင် ကူးစက်ခဲ့သည့် စုစုပေါင်းအရေအတွက်ထက် ပိုများသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly