အရှေ့အာရှအအေးလှိုင်းအတွင်း ထိုင်ဝမ်၌ လူ ၈၅ ဦးသေဆုံး

အရှေ့အာရှအအေးလှိုင်းအတွင်း ထိုင်ဝမ်၌ လူ ၈၅ ဦးသေဆုံး

တိုင်ပေ၊ ဇန်နဝါရီ ၂၅ ။            ။ အရှေ့အာရှဒေသအနှံ့တွင် အအေးလှိုင်း ကျရောက်လျက်ရှိရာ ထိုင်ဝမ်၌ သေဆုံးသူ အနည်းဆုံး ၈၅ ဦးရှိပြီး တောင်ကိုရီးယားတွင်လည်း သောင်တင်နေသည့် ကမ္ဘာလှည့်ခရီးသည်ပေါင်း ၆၀၀၀၀ ကျော်ရှိနေသည်။

ယခုရက်ပိုင်းအတွင်း အပူချိန်က ရုတ်ခြည်းထိုးကျသွား၍ ကိုယ်ပူရှိန်အလွန်အမင်းကျဆင်းခြင်းနှင့် နှလုံးရောဂါတို့ကြောင့် သေဆုံးကြခြင်းဖြစ်ကြောင်း ထိုင်ဝမ်မီဒီယာက ဖော်ပြသည်။

တစ်ချိန်တည်းမှာပင် တောင်ကိုရီးုယားဂျီဂျုးကျွန်းဆွယ်တွင် လေဆိပ်ကို ပိတ်လိုက်ရပြီး ခရီးစဉ်များ ပယ်ဖျက်လိုက်ရသည်။

ဟောင်ကောင်၊ တရုတ်တောင်ပိုင်းနှင့် ဂျပန်နိုင်ငံတို့တွင်လည်း အအေးလှိုင်းဒဏ်ကို ခံစားကြရသည်။

ထိုင်ဝမ်တွင် သေဆုံးကြသူများ အများစုသည် တိုင်ပေနှင့် တောင်ယန်းတို့ကဲ့သို့ မြောက်ပိုင်းဒေသများမှ အသက်ကြီးပိုင်းလူများဖြစ်ကြသည်။ ထိုနယ်မြေများအတွင်း သေဆုံးသူဦးရေက ၆၆ ဦးရှိသည်။

တိုင်ပေမြို့တွင် အပူချိန်သည် ဇန်နဝါရီ ၂၄ ရက်က ၄၄ နှစ်အတွင်း အနိမ့်ဆုံးအဖြစ် ၄ ဒီဂရီစင်တီဂရိတ်အထိ ကျဆင်းသည်။

"ကျွန်တော်တို့ အတွေ့အကြံအရ အအေးဒဏ်ကြောင့် သေဆုံးခြင်းဆိုတာမှာ အပူချိန်က ရုတ်ခြည်းထိုးကျသွားလို့ လူရဲ့ သွေးလည်ပတ်မှုစနစ်လည်း ရုတ်ခြည်းပြောင်းလဲကျဆင်း ရခြင်းကြောင့်လည်းဖြစ် ပါတယ်။"ဟု မြို့တာဝန်ရှိသူတစ်ဦးက အေပီသတင်းဌာနသို့ ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly