လူ့အခွင့်အရေး စောင့်ကြည့်ကာကွယ်ရေးအဖွဲ့ ဒါရိုက်တာ ဦးမြင့်နိုင် ကို စစ်ကောင်စီက ထောင် ၂ နှစ်ချမှတ်

လူ့အခွင့်အရေး စောင့်ကြည့်ကာကွယ်ရေးအဖွဲ့ ဒါရိုက်တာ ဦးမြင့်နိုင် ကို စစ်ကောင်စီက ထောင် ၂ နှစ်ချမှတ်

ဧပြီ ၁

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့် ကာကွယ်ရေးအဖွဲ့ (HRWD) ဒါရိုက်တာ ဦးမြင့်နိုင် ကို ထောင်တွင်း တရားရုံးက ယနေ့ ဧပြီလ ၁ ရက်နေ့ မနက်ပိုင်းတွင် ထောင်ဒဏ် နှစ်နှစ် ချမှတ်လိုက်ကြောင်း ပုသိမ် အကျဉ်းထောင် ဝန်ထမ်းထံက သိရသည်။

စစ်ကောင်စီ လက်အောက်ခံ ပုသိမ်မြို့နယ် တရားသူကြီးက ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကပြောသည်။

"ဦးမြင့်နိုင်ကို ဒီနေ့ မနက်ပိုင်းမှာ ထောင်ဒဏ် နှစ်နှစ် ချလိုက်တာပါ။ ချုပ်ရက်နဲ့ လျှော့ရက် ခံစားခွင့် ရတယ်လို့ သိရတယ်" ဟု၎င်းက ဆိုသည်။

စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် စစ်ကောင်စီတပ်များနှင့် ရဲများက နေအိမ်အား ဝင်ရောက် စီးနင်း မတရား ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း ပုသိမ်မြို့မှ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ တစ်ဦးက ပြောသည်။

ပုသိမ် အကျဉ်းထောင်တွင် မတရား ဖမ်းဆီး ခံထားရသည့် နိုင်ငံရေး အကျဉ်းသား ၃၀၀ ကျော် ရှိပြီး ဦးမြင့်နိုင်နှင့် မြန်မာသံတော်ဆင့် သတင်းထောက် ကိုရဲရင့်ထွန်း အပါအဝင် ထောင်တွင်း တရားရုံးက ထောင်ဒဏ် ချမှတ်ခဲ့သူ ၈၀ ကျော်ရှိကြောင်း ထောင်ဝန်ထမ်း၏ အဆိုအရ သိရသည်။

#Mizzima

#ပုသိမ်မြို့

#လူ့အခွင့်အရေး

#ထောင်ဒဏ်

#မြန်မာသံတော်ဆင့်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required