ဗိုလ်မှူးကျော်နုမော်နေအိမ်တွင် နှိပ်စက်ခံရသည့်ကလေးအမှု ဗဟန်းတရားရုံး လက်ခံစစ်ဆေးမည်

ဗိုလ်မှူးကျော်နုမော်နေအိမ်တွင် နှိပ်စက်ခံရသည့်ကလေးအမှု ဗဟန်းတရားရုံး လက်ခံစစ်ဆေးမည်

ရန်ကုန်၊ဇန်နဝါရီ ၂၅ ။           ။ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းသစ်ရှိ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကျော်နုမော်နေအိမ်တွင် အဝတ်အစားမပါဘဲ လက်နောက်ပြန် ကြိုးတုပ်ကာ အရိုက်ခံရသည့် မစုဝေအမှုကို ရဲတပ်ဖွဲ့၏စစ်ဆေးတွေ့ရှိချက်အရ မှန်ကန်သည်ဟုယူဆကာ ဗဟန်းတရားရုံးမှ လက်ခံစစ်ဆေးသွားမည်ဖြစ်သည်။

မစုဝေအားရိုက်နှက်သူဖြစ်သည့် ဗိုလ်မှူးကျော်နုမော်နေအိမ်မှ အိမ်အကူဖြစ်သူ ဒေါ်သန်းသန်းနွဲ့အပေါ် ၁၉၉၃ခုနှစ် ကလေးသူငယ် ဥပဒေ ပုဒ်မ ၆၆(ဃ)အရ အရေးယူနိုင်ရန်အတွက် ဖေဖေါ်ဝါရီ ၈ရက်နေ့ မနက် ၁၁နာရီတွင် စတင် စစ်ဆေးသွားမည်ဖြစ်ပြီး ထပ်မံ စစ်ဆေးချက်များအရ ကလေးကို နှိပ်စက်ရာတွင် တိုက်ရိုက်စေခိုင်းသူ သို့မဟုတ် နောက်ကွယ်မှ စေခိုင်းသူများကို တရားရုံးက ထပ်မံအမှုဖွင့် အရေးယူမည်ဖြစ်ကြောင်း ဗဟန်းမြို့နယ် တရားရုံးက သိရသည်။

ဗိုလ်မှူးကျော်နုမော်သည် ကလေးနှိပ်စက်ခံရသည့်အမှုတွင် မိသားစုဝင်များ စစ်ဆေးမခံရမီ ကလေးမိဘများထံ ငွေဆယ်သိန်းပေးပြီး မွေးစားခွင့်ပြုကြောင်း စာချုပ်အဟောင်းပုံစံလုပ်ဆောင်ခဲ့သည်အပြင် ယင်းအမှုတွင် ၎င်းမရှိသော်လည်း အိမ်ရှင်ဖြစ်သူမှာ တာဝန်ရှိသည်ဟု ဆိုကာ တပ်မတော်မှ ထုတ်ပယ်ခြင်းခံထားရသူလည်းဖြစ်သည်။
 
"အမှုက အခုမှ စမှပါ။ကျွန်မတို့အနေနဲ့တော့ မြန်မာနိုင်ငံရဲ့တရားဥပဒေဟာ လူတစ်ဦး တယောက်အပေါ်မှာ လူတစ်စုပေါ်မှာ မူတည်လား အများပြည်သူအပေါ်မှာ မူတည်လားဆိုတာ စောင့်ကြည့်သွား မှာပါ"ဟု ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ မမီးမီးက ပြောသည်။
 
အိမ်ရှင်ဗိုလ်မှူးကို စစ်ဆေးနိုင်ရေးအတွက် စစ်ဆေးခွင့်ကို ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ရန်ကုန်တိုင်း စစ်ဌာနချုပ်က ခွင်ပြုခဲ့သည့်အတွက် မြိတ်တွင်ရှိ၎င်း၏ မိခင်တပ်ရင်းထံမှ ဇန်နဝါရီလ ရုံးထုတ်မတိုင်မီ ဗိုလ်မှူးကျော်နုမော်ကို ရဲတပ်ဖွဲ့ထံ လာရောက်အစစ်ဆေးခံ လွှဲအပ်ပေးမည်ဟု အကြောင်းကြားစာ ရရှိထားကြောင်း ရန်ကုန်အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ကျော်ထွဋ်က ပြောကြား ချက်ကို ကိုးကား၍ ပြည်တွင်းသတင်းစားတစ်စောင် တွင်ဖော်ပြထားသည်။

ဗဟန်းမြို့နယ် တက္ကသိုလ် ရိပ်သာလမ်းသစ်ရှိ တိုက်အမှတ် 25(C/4) နေအိမ် လိပ်စာဖြင့် အသက် ၈ နှစ် အရွယ် မိန်း ကလေး ငယ် တဦး ဒူးထောက်လျက် ထိုမိန်းကလေးငယ်၏ လက်နှစ်ဘက်ကို အမျိုးသမီး တစ်ဦးက နောက်ပြန် ကြိုးတုတ်နေသည့် ဓာတ်ပုံများနှင့်အတူ မိန်းကလေးငယ်အား နေ့စဉ်ဆိုသလို ရိုက်နှက်နေကြောင်း ရေးသားထားသည့် စာသားများ ပြီးခဲ့သည့် ၂၀၁၅ခုနှစ် နိုဝင်ဘာ ၁၉ ရက်နေ့ နံနက်ပိုင်းက လူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့ခဲ့ပြီးနောက် သက်ဆိုင်ရာ တာဝန်ရှိသူများကလာရောက်စစ်ဆေးမှု ပြုလုပ်ခဲ့ရာမှ ယင်းအမှု ပေါ်ပေါက်လာခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required