သံတွဲမြို့က PDF ကို ငွေကြေးထောက်ပံ့သည်ဟုဆိုကာ အမျိုးသမီး ၃ဦးကို ထောင်ဒဏ် ၁၀နှစ် ချမှတ်

သံတွဲမြို့က PDF ကို ငွေကြေးထောက်ပံ့သည်ဟုဆိုကာ အမျိုးသမီး ၃ဦးကို ထောင်ဒဏ် ၁၀နှစ် ချမှတ်

မတ်လ ၃၁ ရက်

ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် PDF  အားငွေကြေးထောက်ပံ့သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခံထားရသည့် အမျိုးသမီး သုံးဦးကို ယနေ့ မတ်လ ၃၁ရက်နေ့တွင် သံတွဲခရိုင်တရာရုံးက ထောင်ဒဏ် ဆယ်နှစ်ထိ ချမှတ်လိုက်ကြောင်း ရှေ့နေ့ထံမှ သိရသည်။

သံတွဲမြို့မှ ဒေါ်ငြိမ်းအိဖြိုးကျော်၊ဒေါ်စန်းချိုသိုက်နှင့်ဒေါ်တင်စန္ဒာဝင်းတို့ကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)ဖြင့် ထောင်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်။

“သူတို့သုံးယောက်လုံးကို စွဲဆိုထားတဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)နဲ့ တရားရုံးက  တစ်ယောက်ကိုထောင်ဒဏ် ၁၀နှစ်စီချမှတ်လိုက်တာဖြစ်ပါတယ်၊ ”ဟု ၎င်း ရှေ့နေကပြောသည်။

ယင်းအပြင် အယူခံဝင်မည့် အပိုင်းကိုလည်း မသိသေးကြောင်း ၎င်းရှေ့နေက ပြောသည်။

“အယူခံဝင်မဝင်ကိုတော့ မတိုင်ပင်ရသေးဘူးဗျ၊ သူတို့ မိသားစုနဲ့ ဆွေးနွေးပြီးမှ ပြောလို့ရမယ်ထင်ပါတယ်”ဟု ရှေ့နေကပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလ ၃ရက်နေ့က PDF အားငွေကြေးထောက်ပံ့သည့်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ  ၅၀(ည)ဖြင့် သံတွဲရဲစခန်းမှ ဒုရဲမှူး ဝင်းနိုင်စိုးက တရားလိုပြုလုပ်ကာ တရားစွဲဆိုခဲ့ပြီး ၎င်းတို့ သုံးဦးအမှုကို ငါးလကြာ စစ်ဆေးပြီးနောက် ယနေ့ မတ်လ ၃၁ရက်နေ့တွင် အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။

ဖမ်းဆီးခံရစဉ်အတွင်း ဒေါ်ငြိမ်းအိဖြိုးကျော်မှာ နှစ်နှစ်အရွယ် မကျန်းမာသည့် သမီးဖြစ်သူပါ ဖမ်းဆီးခံခဲ့ရပြီး ဆေးကုသမှု မခံယူနိုင်ခဲ့ဘဲ သံတွဲ အကျဉ်းထောင်တွင် ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ရက်နေ့က ကွယ်လွန်သွားခဲ့သည်။

ယခုကဲ့သို့ ပြီးခဲ့သည့် ဖေဖော်ဝါရီလကလည်း PDFအား ငွေကြေးထောက်ပံ့သည့်ဟုဆိုပြီး  မြောက်ဦးမြို့နယ် ၊ပန်းမော်ကျေးရွာမှ လူငယ်စာရေးဆရာ မင်းဒီပါကို ယခုပုဒ်မဖြင့်ပင်  ထောင်ဒဏ် ၁၀နှစ်ချမှတ်ခဲ့သည်။

ရခိုင်ပြည်နယ်တွင် PDF အား ငွေကြေးထောက်ပံ့သည်ဟု ဆိုကာ  မြောက်ဦးခရိုင်၊သံတွဲခရိုင်နှင့် တောင်ကုတ်ခရိုင်များမှ တက်ကြွလှုပ်ရှားသူများနှင့် ပရဟိတ လူငယ်များကို ဖမ်းဆီးတရားစွဲပြီး ထောင်ဒဏ်ချမှတ်ခံနေကြရသည်။

ရခိုင်ပြည်နယ်တွင် PDF များမရှိသော်လည်း CRPH  ၊ PDF နှင့် ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးတရားစွဲဆို ခံထားရသူနှင့် ထောင်ဒဏ်ချမှတ်ခံထားရသူ ၁၅ဦးခန့် ရှိလာပြီဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required