မတူပီ မင်းတပ် လမ်း၌ စစ်ကောင်စီတပ်နှင့် CDF-Matupi တို့ တိုက်ပွဲပြင်းထန်နေ

မတူပီ မင်းတပ် လမ်း၌ စစ်ကောင်စီတပ်နှင့် CDF-Matupi တို့ တိုက်ပွဲပြင်းထန်နေ

မတ် ၃၁

ချင်းပြည်နယ်၊ မတူပီမြို့နယ် ချန်းပြန်းရွာသစ်နှင့် ရွာဟောင်းကြား (မတူပီ-မင်းတပ်လမ်း ၊ မိုင်တိုင် ၉၀ နှင့် ၉၅ ကြား) ၌ စစ်ကောင်စီတပ်နှင့် ချင်းအမျိုးသား ကာကွယ်ရေးတပ် (မတူပီ) (CDF-Matupi )တို့ တိုက်ပွဲ ပြင်းထန် နေကြောင်း မြေပြင် သတင်းရင်းမြစ်များ ထံက သိရသည်။

မတူပီမြို့မှ ဆင်းလာသော စစ်ကောင်စီ၏ (၃၀၄) တပ်ရင်းနှင့် ဒေသကာကွယ်ရေးတပ်တို့ ယနေ့ မတ်လ ၃၁ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်မှ စတင်ပြီး တိုက်ပွဲ ဖြစ်ပွားနေခြင်း ဖြစ်သည်။

''မနက်ပိုင်း ကတည်းက စပြီး တိုက်ပွဲဖြစ်နေပြီ။ လူငယ်တွေ (CDF- Matupi) က ချန်းပြန်းရွာသစ်နဲ့ ရွာဟောင်းကြားမှာ စောင့်ပြီးတော့ တိုက်ကြတာ။ အခု ထိတွေ့တဲ့ တပ်တွေက မတူပီ အခြေစိုက် (၃၀၄) တပ်ရင်းက စစ်သားတွေပဲ ။ မင်းတပ်ကနေ တက်လာတဲ့ စစ်ယာဉ်တန်းကို လာကြိုတဲ့ သဘော၊ လုံခြုံရေး လာယူပေးတာ။ သူတို့နဲ့ ပစ်နေကြတာ ''ဟု မတူပီရှိ သတင်းရင်းမြစ်က ပြောသည်။

အဆိုပါ မတူပီမှ ဆင်းလာသည့် စစ်ကြောင်းကို လမ်းကြောင်း ရှင်းပေးသည့် အနေဖြင့် မြို့ပေါ်ရှိ (၃၀၄) တပ်ရင်းက လက်နက်ကြီးများဖြင့် ကားလမ်းတစ်လျှောက် ရွာများကို ကြိုတင် ပစ်ခတ် ခြင်းကြောင့် မင်းတပ်- မတူပီ လမ်းမ တစ်လျှောက်ရှိ ဒေသခံ ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင် နေကြရသည်။

ယမန်နေ့ မတ်လ ၃၀ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် မတူပီ အခြေစိုက် တပ်ရင်းများမှ အင်အား ၅၀ ခန့်သည် မတူပီမြို့ အရှေ့ လောင်ဗန်းရပ်ကွက် ဘုန်းကြီးကျောင်း အောက်ဘက်ရှိ သင်္ချိုင်းကုန်း လမ်းဘက်မှ မင်းတပ်ဘက်သို့ စစ်အင်အား ဖြည့်တင်းရန် တောလမ်းမှ ခြေလျင် ထွက်သွား ကြကြောင်း သတင်းရရှိသည်။ မင်းတပ်မှ မတူပီသို့ တက်လာသည့် စစ်ယာဉ်တန်းမှာမူ မိုင် ၄၀ သို့ ရောက်ရှိနေပြီး ခရီးစဉ် အတွင်း CDF-မင်းတပ် အဖွဲ့၏ ပဒေသာမိုင်း ထိထားသည်။

#Mizzima

#CDF_Matupi

#ချန်းပြန်းရွာသစ်

#တိုက်ပွဲ

#(၃၀၄) တပ်ရင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required