အကျဉ်းသားများ၏ မိသားစုဝင်များကို ကူညီသဖြင့် ဝီဂါစီးပွားရေးသမားတစ်ဦး ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခံရ

အကျဉ်းသားများ၏ မိသားစုဝင်များကို ကူညီသဖြင့် ဝီဂါစီးပွားရေးသမားတစ်ဦး ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခံရ

တရုတ်နိုင်ငံ၏ ထိပ်တန်းနိုင်ငံရေးအကြံပေးပုဂ္ဂိုလ်က ရှင်ကျန်းခရီးစဉ်တွင် တိုင်းရင်းသားအားလုံး ပျော်ရွှင်စွာနေထိုင်ကြကြောင်း အသံကောင်းဟစ်နေစဉ်မှာ ဝီဂါတစ်ဦးသည်ထိန်းသိမ်းခံ အခြားဝီဂါများ၏ မိသားစုဝင်များကို ကူညီသည့်အန္တရာယ်မရှိလောက်သော လုပ်ရပ်အတွက် နှစ်ရှည်ထောင်ဒဏ် ကျခံနေရကြောင်း RFA က သတင်းရရှိခဲ့သည်။

ကာရာမေမြို့ရှိ လူသိလည်းများ ပရဟိတသမားလည်းဖြစ်သည့် ဝီဂါဘောလုံးအသင်းတည်ထောင်သူ ယူဆွတ်ဆာကယ်သည် ရာဇဝတ်သားများကို စောင့်ရှောက်သည်ဟူသော စွဲချက်ဖြင့် ၂၀၁၈ ခုနှစ်နှောင်းပိုင်းက ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခံခဲ့ရကြောင်း အခြေအနေနှင့်နီးစပ်သူ ဝီဂါ သတင်းရင်းမြစ်များက ပြောသည်။

အမည်ရင်း ယူဆွတ်ဂျန်မမ်တီမင်ဟုခေါ်သော ယူဆွတ်ကို အာဏာပိုင်များက ၂၀၁၇ ခုနှစ်တွင် ဖမ်းဆီးခဲ့ကြောင်း ခါရာမေဇာတိဖြစ်သည့် အဝေးရောက်ဝီဂါတစ်ဦးက ပြောသည်။

၂၀၁၄ ခုနှစ်တွင် ယူဆွတ်သည် ထိန်းသိမ်းခံထားရသော ဝီဂါတစ်ဦး၏ ဇနီးနှင့်သားသမီးများအား ထောင်ဝင်စာသွားတွေ့ရန် လိုက်ပို့ခဲ့သည်။ နောက်ပိုင်းတွင် ယင်းဖြစ်ရပ်က ယူဆွတ် ဖမ်းဆီးထိန်းသိမ်းခံရခြင်း၏ အကြောင်းပြချက်ဖြစ်လာခဲ့သည်ဟု အဝေးရောက်ဝီဂါကပြောသည်။

ယူဆွတ်ကို ၂၀၁၄ ခုနှစ်တွင် တရုတ်နိုင်ငံ့လုံခြုံရေးရဲများက ဆင့်ခေါ်ခဲ့ပြီး အရက်ဖြတ်လိုက်ရခြင်း အကြောင်းကို စစ်ဆေးမေးမြန်းခဲ့သည်ဟု ဆိုသည်။

ယူဆွတ်သည် အစ္စလာမ်လူနေမှုပုံစံကို ဖက်တွယ်လာပြီးနောက် တရုတ်အာဏာပိုင်များ၏ ပစ်မှတ်ဖြစ်လာခဲ့သည်ဟု ယခုတူရကီတွင်နေထိုင်သော ခါရာမေမြို့က Karamay's Oil Spring မဂ္ဂဇင်း၏ အယ်ဒီတာဟောင်း အဗ္ဗဒူရီရှစ်နီယက်ဇ်က ဆိုသည်။

ဝီဂါလူ့အဖွဲ့အစည်း၌ လူသိများသော လူငယ်တစ်ဦးအနေဖြင့် ယူဆွတ်သည် ခါရာမေသို့ အလုပ်အကိုင်တစ်ခု ရှာဖွေရန်လာသော အခြားဝီဂါများအား အကူအညီပေးခဲ့ကြောင်း အဗ္ဗဒူရီရှစ်ကပြောသည်။ ၂၀၁၄ ခုနှစ်မှ စတင်ခဲ့သော တရုတ်နိုင်ငံ၏ မတရားဖမ်းဆီးထိန်းသိမ်းခြင်းလှုပ်ရှားမှုတွင် ဆွေမျိုးများ ဆုံးရှုံးခဲ့သူများကိုလည်း ယူဆွတ်က ကူညီပေးရန် ကြိုးစားခဲ့သည်။

ယင်းသို့လုပ်ဆောင်ခြင်းကြောင့် ယူဆွတ်ကို ရဲများက အမြဲလိုလို စစ်ဆေးမေးမြန်းခဲ့ကြကြောင်း ၎င်းက ပြောကြားသည်။

“တရုတ်အစိုးရက သူ့ကို ရာဇဝတ်မှုတစ်ခုခု ကျူးလွန်တာကြောင့် မဟုတ်ပဲ လူတွေကို စည်းလုံးညီညွတ်စေပြီး တရားမျှတမှုကို ဆောင်ကျဉ်းပေးနိုင်တဲ့ သူတစ်ယောက်မို့ ထောင်ဒဏ် ၁၄ နှစ်ချမှတ်တာလို့ ကျွန်တော်ထင်ပါတယ်” ဟု ၎င်းက ဆိုသည်။

တရုတ်ကွန်မြူနစ်ပါတီ (CPP) ထိပ်တန်းအရာရှိနှင့်ပေါ်လစ်ဗျူရိုအဖွဲ့ဝင် ဝမ်ယန်သည် မတ် ၁၈ ရက်မှ ၂၂ ရက်အထိ စစ်ဆေးရေးခရီးစဉ်အဖြစ် ရှင်ကျန်းမြို့သို့ သွားရောက်ချိန်တွင် ယူဆွတ်၏ ပြစ်ဒဏ်ကို RFA မှ ကြားသိခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly