အေဘရာမိုဗစ်ချ်နှင့် ယူကရိန်း ငြိမ်းချမ်းရေး ညှိနှိုင်းသူများ သံသယဖြစ်ဖွယ် အဆိပ်သင့်မှု ဖြစ်ခဲ့ဟု ဆို 

အေဘရာမိုဗစ်ချ်နှင့် ယူကရိန်း ငြိမ်းချမ်းရေး ညှိနှိုင်းသူများ သံသယဖြစ်ဖွယ် အဆိပ်သင့်မှု ဖြစ်ခဲ့ဟု ဆို 

မတ် ၂၉

ရုရှ ဘီလျှံနာသူဌေးကြီး ရိုမန် အေဘရာမိုဗစ်ချ်နှင့် ယူကရိန်း ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းသူများသည် ယခုလ အစောပိုင်းက ကိယက်ဗ်မြို့က တွေ့ဆုံမှုတစ်ရပ်အပြီးတွင် သံသယဖြစ်ဖွယ် အဆိပ်သင့်မှု ရောဂါလက္ခဏာများ ခံစားခဲ့ကြရကြောင်း The Wall Street Journal နှင့် ထောက်လှမ်းရေးသတင်းများ ဖော်ပြသည့် Bellingcat တို့က ယင်းအရေးနှင့် နီးစပ်သူများကို ကိုးကားပြီး တနင်္လာနေ့တွင် သတင်းဖော်ပြသည်။ 

ယူကရိန်းကို ရုရှ၏ ကျူးကျော်စစ် အဆုံးသတ်ရေးအတွက် စေ့စပ်ညှိနှိုင်းရာတွင် ကူညီရန် ယူကရိန်း၏ မေတ္တာရပ်ခံချက်ကို လက်ခံခဲ့သည့် အေဘရာမိုဗစ်ချ်နှင့် ယူကရိန်း စေ့စပ်ညှိနှိုင်းမှုအဖွဲ့မှ အကြီးတန်းအဖွဲ့ဝင်နှစ်ဦးတို့ အဆိပ်သင့်မှု လက္ခဏာများ ခံစားခဲ့ရခြင်းဖြစ်သည်ဟု The Wall Street Journal က ဆိုသည်။ 

အဆိုပါ သတင်းနှင့် ပတ်သက်ပြီး ယူကရိန်းတာဝန်ရှိသူများက ပဋိပက္ခ မဖြစ်စေရေးအတွက် ပြေရာပြေကြောင်း ပြောဆိုကြသည်။ သံသယဖြစ်ဖွယ် အဆိပ်သင့်မှုအကြောင်း မေးမြန်းသည်ကို ယူကရိန်း စေ့စပ်ညှိနှိုင်းသူ မီခေးလ်လို ပိုဒေါယက်ခ်က “သံသယဖြစ်စရာတွေက တော်တော်များများ ရှိတယ်၊ အမျိုးမျိုးသော လျှိုဝှက်ကြံစည်မှု အယူအဆတွေပေါ့”ဟု ပြောဆိုသည်။ စေ့စပ်ညှိနှိုင်းရေးအဖွဲ့ အခြားအဖွဲ့ဝင်တစ်ဦးဖြစ်သည့် ရူစတမ် အူမာရော့ဗ်ကလည်း “အတည်မပြုနိုင်သည့် သတင်းအချက်အလက်များ” ကို မယုံကြရန် ပြည်သူများကို တိုက်တွန်းသည်။  

နောက်ပိုင်းတွင် ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး ဒီမီထရီ ကူလီဘာကလည်း အလားတူပင် ရပ်တည်ပြောဆိုပြီး “လူတိုင်းက သတင်းတွေနဲ့ အုတ်အော်သောင်းနင်းဖြစ်တာတွေကို သိလိုစိတ် ပြင်းပြကြပါတယ်”ဟု ရုပ်သံဌာနနှင့် အင်တာဗျူးတစ်ရပ်၌ ပြောဆိုသည်။ သို့ရာတွင် “ရုရှနှင့် စေ့စပ်ညှိနှိုင်းမယ့် ဘယ်သူမဆိုကို ဘာမှ စားတာ၊ သောက်တာတွေ မလုပ်ဖို့ ကျွန်တော် အကြံပေးတယ်၊ ဖြစ်နိုင်ရင် မျက်နှာပြင်တွေကို ထိတွေ့တာကိုပါ ရှောင်စေချင်တယ်”ဟု ၎င်းက ဖြည့်စွက်ပြောဆိုသည်။ 

အေဘရာမိုဗစ်ချ်နှင့် စေ့စပ်ညှိနှိုင်းသူများ နာမကျန်းဖြစ်ရခြင်းက “ပတ်ဝန်းကျင်အခြေအနေ” က အကြောင်းရင်းဖြစ်ပြီး “အဆိပ်သင့်မှု မဟုတ်ကြောင်း” ထောက်လှမ်းရေးအရ ညွှန်ပြနေသည်ဟု အမေရိကန်တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယင်း တာဝန်ရှိသူက အမည်မဖော်ဘဲ ပြောဆိုခြင်းဖြစ်ကာ နောက်ထပ် အသေးစိတ် ပြောဆိုခြင်း မရှိပေ။ 

ထင်မြင်ချက်ပေးရန် အီးမေးလ်ဖြင့် မေတ္တာရပ်ခံသည်ကို ရုရှဘက်က ချက်ချင်း တုံ့ပြန်ခြင်း မရှိသေးပေ။ 

The Wall Street Journal ၏ အဆိုအရ အေဘရာမိုဗစ်ချ်နှင့် စေ့စပ်ညှိနှိုင်းသူများသည် မျက်လုံးများ နီခြင်း၊ နာကျင်စွာ မျက်ရည်ကျဆင်းခြင်းနှင့် မျက်နှာနှင့် လက်များတွင် အရေပြား လန်ခြင်းများ ခံစားခဲ့ရကြောင်း သိရသည်။ 

အေဘရာမိုဗစ်ချ်နှင့် လွှတ်တော်အမတ် အူမာရော့ဗ်အပါအဝင် စေ့စပ်ညှိနှိုင်းသူများသည် နောက်ပိုင်း ပြန်လည်ကောင်းမွန်ပြီး အသက်အန္တရာယ် မစိုးရိမ်ရကြောင်း ယင်းသတင်းက ဖော်ပြခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required