ဖလူးလေးတိုက်ပွဲ စစ်ကောင်စီတပ်က သံချပ်ကာ ကား ၂ စီးဖြင့် တိုက်နေ

ဖလူးလေးတိုက်ပွဲ စစ်ကောင်စီတပ်က သံချပ်ကာ ကား ၂ စီးဖြင့် တိုက်နေ

မတ်လ ၂၈ ရက်

ကရင်ပြည်နယ် မြဝတီခရိုင် ဖလူးလေးကျေးရွာတွင် စစ်ကောင်စီတပ်နှင့်  ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ပူးပေါင်းတပ်များ တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က  သံချပ်ကာ ကား နှစ်စီး  အသုံးပြုကာ တိုက်ခိုက်လျက် ရှိသည်။

ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KND) ၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF)  ပူးပေါင်းအဖွဲ့များနှင့် စစ်ကောင်စီတပ်တို့  တိုက်ပွဲ ပြင်းထန်နေခြင်း ဖြစ်သည်။

တိုက်ပွဲ ဖြစ်ရာ နေရာသည် ကရင်အမျိုးသား အစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ တပ်မဟာ (၆) လေးကေ့ကော် ဒေသ ဖြစ်ပြီး စစ်ကောင်စီတပ်က  သံချပ်ကာ ကား နှစ်စီး အသုံးပြုကာ အင်အား ၅၀၀ ဖြင့် ယနေ့ ညပိုင်းမှ စပြီး ထိုးစစ်ဆင် တိုက်ခိုက်နေခြင်း ဖြစ်သည်။

 ‘’ ဗိုလ်စောစလုံးက ဖလူးထိပ်မှာ ကြိုစောင့်ပြီး ချတာ။  သူတို့ ကောင်တွေက မနေ့က တိုက်ပွဲမှာ ပိတ်မိတာဗျ။ ပြန်လည်း နောက်ဆုတ်လို့ မရတဲ့ အနေအထား ဖြစ်နေတာ။ သေတဲ့သူတွေနဲ့ ဒဏ်ရာရတဲ့ သူတွေ အများကြီး ၊ သူတို့ပိတ်မိနေတဲ့ အထဲမှာ ရှိနေတယ်ဗျ။ အဲ့ဒါကို လာကယ်ထုတ်တာဗျ ”ဟု ဆင်ဖြူတပ်ရင်း PDF အဖွဲ့ မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 

ပလက်တိုရွာ ထိပ်၌  ယမန်နေ့က စစ်ကောင်စီတပ်နှင့် KNU ပူးပေါင်းတပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ယနေ့ညနေတွင်လည်း တိုက်ပွဲ ထပ်ဖြစ်ကာ စစ်ကောင်စီဘက်မှ ၁၃ ဦး သေဆုံးကြောင်း ကနဦး သတင်း ရရှိသည်။ မဇ္စျိမကမှု  အရေအတွက် အတိအကျကို သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးဘဲ ဆက်လက် စုံစမ်းနေဆဲ ဖြစ်သည်။

ယမန်နေ့က  ဖြစ်ပွားခဲ့သော တိုက်ပွဲ၌  စစ်ကောင်စီတပ်သား ၆၁ ဦး သေဆုံးခဲ့ပြီး နောက်ဆက်တွဲ အဖြစ် စစ်တပ်က စစ်လေယာဉ်များ အသုံးပြုကာ ကျေးရွာများကို ပစ်ခတ်ခဲ့သည်။ 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required