ကန်ပက်လက်မြို့တွင် တပ်မတော်နေ့ အထိမ်းအမှတ်ပြုလုပ်မည့် စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရ၊ ထိခိုက်သေဆုံးမှုရှိဟုဆို

ကန်ပက်လက်မြို့တွင် တပ်မတော်နေ့ အထိမ်းအမှတ်ပြုလုပ်မည့် စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရ၊ ထိခိုက်သေဆုံးမှုရှိဟုဆို

မတ် ၂၈

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့တွင် တပ်မတော်နေ့အထိမ်းအမှတ်ပြုလုပ်ရန် စစ်ကောင်စီတပ်သားများ တန်းစီနေချိန် ယမန်နေ့ မတ်လ ၂၇ ရက် နေ့လယ်ပိုင်းက တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား နှစ်ဦးထက်မနည်း သေဆုံးကာ အများအပြား ဒဏ်ရာရရှိသွားကြောင်း CDF-ကန်ပက်လက်က သတင်းထုတ်ပြန်သည်။

ကန်ပက်လက်မြို့တွင် ယမန်နေ့က မွန်းတည့် ၁၂ နာရီအချိန်ခန့်မှစ၍ မွန်းလွဲ ၂နာရီအချိန်အထိ စစ်ရေးပြပြုလုပ်ရန် တန်းစီနေသည့် စစ်ကောင်စီတပ်သားများကို CDF - ကန်ပက်လက် တပ်ဖွဲ့က ပြောက်ကျားစနစ်ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့ဘက်က လက်နက်ကြီး လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး ညနေ ၃ နာရီ အချိန်ခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အထိခိုက်အကျဆုံးမရှိ ဆုတ်ခွါနိုင်ခဲ့သည်ဟု ဆိုသည်။

ကန်ပက်လက်မြို့တွင် မတ် ၂၆ ရက်ကလည်း စစ်ကောင်စီတပ်သားများနှင့် CDF-ကန်ပက်လက်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ ရဲတပ်သား တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

တိုက်ပွဲအတွင်း ကန်ပက်လက်မြို့မရဲစခန်းနှင့် အ.ထ.က ကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များက လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ကူပေးခဲ့ပြီး မြို့ပေါ်နေအိမ်တစ်ချို့နှင့် ကျေးရွာများရှိ နေအိမ်အချို့ လက်နက်ကြီး ကျည်ကျရောက်ပြီး ပျက်စီးမှုများရှိခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။

#Mizzima

#ချင်းပြည်နယ်

#ကန်ပက်လက်မြို့

#စစ်ကောင်စီတပ်သား

#တိုက်ခိုက်ခံရ

#CDF_ကန်ပက်လက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly