ပါကစ္စတန်၏ နယ်စပ်စည်းမျဉ်း ချိုးဖောက်မှုများကို တာလီဘန် ကန့်ကွက်

By Zee5
28 March 2022
ပါကစ္စတန်၏ နယ်စပ်စည်းမျဉ်း ချိုးဖောက်မှုများကို တာလီဘန် ကန့်ကွက်

ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်အကြား နယ်ခြားမျဉ်းဖြစ်သည့် ဒူရန်းမျဉ်းတလျောက် ပါကစ္စတန်ဘက်မှ နယ်စပ်ဆိုင်ရာ ချိုးဖောက်စော်ကားမှုများ ဆက်လက်လုပ်ဆောင်နေမှုအပေါ် အာဖဂန်နစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန့်ကွက်ထားကြောင်း သိရပြီး ယင်းသည် နှစ်နိုင်ငံအကြား နောက်ထပ် နယ်စပ်ဆိုင်ရာ အငြင်းပွားမှုတစ်ခု ဖြစ်လာခဲ့သည်။

အကြီးစားနှင့် အပေါ့စား လက်နက်များဖြင့် ပစ်ခတ်ခြင်းများအပါအဝင် အမြှောက်ဆန်များကို နန်ဂါဟာပြည်နယ်၏ ခရိုင်တချို့တွင် တွေ့ရှိထားကြောင်း အာဖဂန်ဘက်က ပြောသည်။

ထို့ပြင် အာဖဂန်နစ္စတန် ခူနာပြည်နယ်၏ ဆာကာရီ နှင့် မာရာဝါရာ ခရိုင်တို့ရှိ လူနေဧရိယာများတွင်လည်း နယ်စပ်ကို ကျော်ပြီး အမြှောက်ကျည်ဆန်များ ကျရောက်မှုများ ရှိခဲ့ကြောင်း သိရသည်။

ပါကစ္စတန် လေယာဉ်နှင့် ဒရုန်းများသည်လည်း ခူနာပြည်နယ်အနီး အာဖဂန်၏ လေပိုင်နက်အတွင်းသို့ ချိုးဖောက်ဝင်ရောက်မှုများ ရှိနေခဲ့သည်ဟု သိရသည်။

ယင်းအတွက်ကြောင့် နယ်စပ်ပြဿနာများနှင့် ပတ်သက်ပြီး ပါကစ္စတန်တာဝန်ရှိသူများနှင့် ဆွေးနွေးရန် အာဖဂန်၏ ကာကွယ်ရေးနှင့် ပြည်ထဲရေးဝန်ကြီးဌာနမှ အရာရှိများပါဝင်သည့် အာဖဂန် နိုင်ငံခြားရေးဝန်ကြီးဌာန ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့သည် အစ္စလမ်မာဘတ်သို့ သွားရောက်ရန် စီစဉ်နေကြောင်း သိရသည်။

အာဖဂန်နစ္စတန်တွင် ယမန်နှစ် ဩဂုတ်လက တာလီဘန်တို့ အောင်ပွဲရခဲ့မှုအပေါ် ဝမ်းသာနေခဲ့သည့် ပါကစ္စတန်သည် ယခုအခါ ပြည်တွင်း၌ အကြမ်းဖက်မှု မြင့်တက်လာမှုနှင့် ရင်ဆိုင်တွေ့ချိန်တွင် အဆိုပါ ပျော်ရွှင်မှုက လျော့ကျလာသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly