ပါကစ္စတန်အတိုက်အခံခေါင်းဆောင် ဝန်ကြီးချုပ်သစ်ဖြစ်လာလိမ့်မည်ဟု ဆင်းဒ်ပြည်နယ်ဝန်ကြီး ခန့်မှန်း

ပါကစ္စတန်အတိုက်အခံခေါင်းဆောင် ဝန်ကြီးချုပ်သစ်ဖြစ်လာလိမ့်မည်ဟု ဆင်းဒ်ပြည်နယ်ဝန်ကြီး ခန့်မှန်း

ပါကစ္စတန်နိုင်ငံတွင် နိုင်ငံရေး ဝရုန်းသုန်းကား အခြေအနေများ ဆက်ဖြစ်နေစဉ် အတိုက်အခံ ခေါင်းဆောင်ဖြစ်သည့် ပါကစ္စတန်မွတ်ဆလင်အဖွဲ့ချုပ် (PML-N) ၏ ဥက္ကဋ္ဌ ရှာဘတ်ဇ် ရှာရစ်က နိုင်ငံ၏ ဝန်ကြီးချုပ်သစ် ဖြစ်လာလိမ့်မည်ဟု ဆင်းဒ်ပြည်နယ် စိုက်ပျိုးရေးဝန်ကြီးဖြစ်သလို ပါကစ္စတန်ပြည်သူ့ပါတီ (PPP) ၏ ခေါင်းဆောင်တစ်ဦးဖြစ်သည့် မန်ဇူ ဝါဆန်က ခန့်မှန်းပြောဆိုလိုက်ကြောင်း ပါကစ္စတန် မီဒီယာများက ဖော်ပြသည်။

အာဏာရအစိုးရ၏ ညွှန့်ပေါင်း မိတ်ဖက်အဖွဲ့များဖြစ်ကြသည့် မွတ်တားဟီဒါ ကွေမီ လှုပ်ရှားမှု- ပါကစ္စတန် (MQM-P) ပါတီနှင့် ပါကစ္စတန် မွတ်ဆလင်အဖွဲ့ချုပ်- Quaid (PML-Q) တို့သည် ၎င်းတို့၏ အနာဂတ်များကို ဆုံးဖြတ်ထားခဲ့ကြပြီ ဖြစ်သလို ၎င်းတို့အနေဖြင့် လက်ရှိ အီမရန် ခန်း အစိုးရနှင့် လမ်းခွဲကာ အတိုက်အခံတို့နှင့် ပူးပေါင်းလိမ့်မည် ဖြစ်ကြောင်း ဝါဆန်က ပြောသည်။

ဝန်ကြီးချုပ် အီမရန် ခန်း၏ နေ့ရက်များသည် မတ်လ ၂၈ မတိုင်မီ အဆုံးသတ်လိမ့်မည် ဖြစ်ပြီး ၎င်းကို အကျဉ်းထောင်သို့ ပို့ရန် ပြင်ဆင်မှုများပင် ရှိနေကြောင်းနှင့် ၎င်းသည် အက်ဒီယာလာ သို့မဟုတ် ခိုင်အာပူအာ ဗဟိုအကျဉ်းထောင်သို့ အပို့ခံရနိုင်ခြေများကြောင်း ဝါဆန်က ပြောခဲ့သည်ဟု ပါကစ္စတန် မီဒီယာက ဖော်ပြသည်။

အတိုက်အခံတို့အနေဖြင့် အယုံအကြည်မရှိ အဆို တင်သွင်းမှု အောင်မြင်ပြီးပါက အိမ်စောင့်အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ကြောင်း PPP ခေါင်းဆောင်က ပြောသည်။

ယင်းနောက် အထွေထွေ ရွေးကောက်ပွဲ ကျင်းပလိမ့်မည် ဖြစ်ပြီး ရှာဘတ်ဇ် ရှာရစ်ဖ်က ဝန်ကြီးချုပ်သစ် ဖြစ်လာလိမ့်မည်ဟု ၎င်းက ခန့်မှန်း ပြောဆိုသည်။

အစိုးရအပေါ် အယုံအကြည်မရှိ အဆို တင်သွင်းမှု မတိုင်ခင် ဝန်ကြီးချုပ် အီမရန် ခန်းအတွက် အဓိက ထိုးနှက်ချက်တစ်ခုအဖြစ် အာဏာရအစိုးရ၏ အဓိကမဟာမိတ်များဖြစ်ကြသော MQM-P ၊ PML-Q နှင့် ဘာလိုချီစတန် အဝါမီ ပါတီ (BAP) တို့သည် အတိုက်အခံ မဟာမိတ်အုပ်စုနှင့် ပူးပေါင်းရန် ဆုံးဖြတ်ထားကြောင်း သတင်းရင်းမြစ်များကို ကိုးကားလျက် Geo News က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly