ဗဟန်းမြို့နယ် ရတနာပန်းခြံ အနီး ပေါက်ကွဲမှု ၂ ကြိမ် ဖြစ်ပွား

By ဂန္ဒမာ
27 March 2022
ဗဟန်းမြို့နယ် ရတနာပန်းခြံ အနီး ပေါက်ကွဲမှု ၂ ကြိမ် ဖြစ်ပွား

မတ် ၂၇

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ် ဦးချစ်မောင်လမ်းနှင့် အနောက် မြင်းပြိုင်ကွင်းလမ်း ထောင့်ရှိ ရတနာ ပန်းခြံ အနီး၌ ယနေ့ မတ်လ ၂၇ ရက်နေ့ မွန်းလွဲပိုင်း ၁ နာရီ ဝန်းကျင်တွင် ပေါက်ကွဲမှု နှစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း ဒေသခံ တစ်ဦးထံက သိရသည်။

“လမ်းဆုံ မှတ်တိုင်နားမှာ ပေါက်တာ။ ပထမ တစ်ခေါက်က သေးသေးလေးပဲ။ ဒုတိယ တစ်ခေါက်က အသံ သိပ်ကျယ်တယ်။ ထိခိုက်တာ ဘာညာတော့ မကြားမိပါဘူး” ဟု အဆိုပါ ပေါက်ကွဲမှု ဖြစ်သည့် နေရာအနီး၌ စျေးရောင်းချသူ တစ်ဦးက ပြောသည်။

ပေါက်ကွဲမှုများ ဖြစ်ပွားပြီးနောက် လမ်းဆုံ မှတ်တိုင်မှ စတင်ကာ စျေးကွေ့ မှတ်တိုင်ထိ စစ်ကောင်စီတပ်က လမ်းပိတ်ဆို့ ထားခဲ့ပြီး တစ်နာရီခန့် အကြာတွင် ပြန်လည် ဖွင့်ပေးခဲ့သည်။

ပေါက်ကွဲမှု ဖြစ်ပွားရာ အနီးရှိ လူငယ် သုံးဦးအား စစ်ကောင်စီတပ်က ဖမ်းဆီး ခေါ်‌ဆောင် သွားကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း မဇ္ဈိမက သီးခြား အတည်ပြုချက် မရယူနိုင်သေးပေ။ တိုက်ခိုက်မှုကို မည်သည့် အဖွဲ့အစည်းက ပြုလုပ်သည်ကိုလည်း မသိရ သေးပေ။

ပေါက်ကွဲမှု ဖြစ်ပွားရာ ပန်းခြံကပ်လျက်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး တည်ရှိပြီး ထိုနေရာ အနီးတစ်ဝိုက်သည် စစ်ကောင်စီ တပ်သား အများအပြား တပ်စွဲရာ နေရာလည်း ဖြစ်သည်။

#Mizzima

#ဗဟန်းမြို့နယ်

#ရတနာပန်းခြံ

#ပေါက်ကွဲမှု

#လမ်းဆုံမှတ်တိုင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly