အရာတော်-မုံရွာ ကားလမ်းပေါ်တွင် စစ်ကောင်စီတပ်၏ ခြေလျင်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ

အရာတော်-မုံရွာ ကားလမ်းပေါ်တွင် စစ်ကောင်စီတပ်၏ ခြေလျင်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ

မတ်လ ၂၆ ရက်

စစ်ကိုင်းတိုင်း၊ အရာ​တော်မြို့နယ်၊ အရာတော်-မုံရွာကားလမ်းပေါ်တွင် မိုင်းရှာရန်ထွက်လာသော စစ်ကောင်စီ ခြေလျင်စစ်ကြောင်းကို မတ်လ ၂၅ ရက်နေ့တွင် သုံးကြိမ်မိုင်းဆွဲတိုက်ခိုက်လိုက်ကြောင်း Knights Of The Red Land အဖွဲ့ထံမှသိရသည်။

စစ်ကောင်စီ ခြေလျင်စစ်ကြောင်း အင်အား၂၀ခန့်မှာ အရာတော် မုံရွာ ကားလမ်းပေါ် ရဗိတုံးကင်ကန် အနီးတွင်တစ်ကြိမ်၊ ကြံတိုင်းအောင်ကွေ့အနီးတွင်တစ်ကြိမ်နှင့် မုံရွာမြို့မှ စစ်ကူလာသော စစ်ကောင်စီယာဥ်တန်းအား တစ်ကြိမ်နှင့် စုစုပေါင်းသုံးကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ရှစ်ဦးခန့် သေဆုံးသွားသည်ဟု သိရသည်။

"ဒီကောင်တွေ ကျွန်းခိုရွာမှာတပ်ဆွဲထားတာ သိပ်မကြာသေးဘူး၊ အင်အားက ၁၀၀ လောက်တော့ရှိမယ်၊ အခုကလူကြီးလမ်းကြောင်းရှိလို့လားမသိဘူး မိုင်းထွက်ရှာကြတာ၊ အဲ့အချိန်မှာ မိုင်းဆွဲလိုက်တာပါ၊ခြေလျင်ဆိုတော့ ပိုထိတယ်၊ လမ်းမမှာ အတုံးအလဲကို လဲကုန်တာ"ဟု Knights Of The Red Land အဖွဲ့တာဝန်ရှိသူကပြောသည်။

မိုင်းဆွဲသည့်နေရာများမှာ တစ်နေရာနှင့်တစ်နေရာ နှစ်မိုင်ခန့်ကွာဝေးပြီး ကျွန်းခိုရွာမှာ အရာတော်မြို့နှင့် မုံရွာမြို့ကြား ထိစပ်နယ်နိမိတ်တွင်ရှိသော ရွာတစ်ရွာဖြစ်သည်ဟု သိရသည်။

ယင်းလုပ်ဆောင်မှုကို Knights Of The Red Land(KORL)ပြောက်ကျားတပ်ဖွဲ့၊ သပြေညို ပြောက်ကျားတပ်ဖွဲ့၊ Ayadaw   Bone Naing-PDF(A.B.N.PDF)၊ AMT မြေပြင်‌ပြောက်ကျားတပ်ဖွဲ့ ၊ ပတ္တမြားညီနောင် ပြောက်ကျား တပ်ဖွဲ့၊ Ayardaw Falcon Force(AF2)တို့မှ ဦးဆောင်၍  Excellent Flagတပ်ဖွဲ့၊  M.R.T.Fတပ်ဖွဲ့၊ The Guys Of Burma Revolution Force(GBRF) ညီနောင် (၉)ဖွဲ့တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မတ်လ ၁၉ရက်နေ့ ကလည်း စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ် ကျောက်ကာလမ်းပေါ်က KBZ Bank နှစ်ခုနှင့်  မြင့်မိုရ်လမ်းပေါ်က KBZ Bank တစ်ခု၊KBZ Bank သုံးခုကို ဒေသခံပြောက်ကျားတပ်ဖွဲ့က ဖောက်ခွဲမှုပြုလုပ်ခဲ့သေးသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required