လှိုင်သာယာမြို့နယ်က မီတာရုံးတွင် မီတာဆောင်သည့် ပြည်သူများရှိနေ၍ ဖောက်ခွဲရေးအစီစဉ် မအောင်မြင် ဟုဆို

လှိုင်သာယာမြို့နယ်က မီတာရုံးတွင် မီတာဆောင်သည့် ပြည်သူများရှိနေ၍ ဖောက်ခွဲရေးအစီစဉ် မအောင်မြင် ဟုဆို

မတ် ၂၆

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်-ပုသိမ်လမ်းမကြီးပေါ် စက်မှုမှတ်တိုင်အနီးရှိ မီတာရုံးကို ယမန်နေ့ နေ့လယ် ၂ နာရီ ၃၀ မိနစ် ဝန်းကျင်ခန့်က မြို့ပြပြောက်ကျားအဖွဲ့တစ်ဖွဲ့မှ ဖောက်ခွဲတိုက်ခိုက်ရန်စီစဉ်ကြရာ မီတာဆောင်နေသည့်ပြည်သူများအားငဲ့ကွက်၍ ၎င်းတို့၏ အစီအစဉ် မအောင်မြင်ခဲ့ကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့သည့် အဖွဲ့မှပြောသည်။

လှိုင်သာယာမြို့နယ် မီတာရုံးရှိ လျှပ်စစ်ဝန်ထမ်းများမှာ ပြည်သူများထံမှ အတင်းအဓမ္မ မီတာခများကောက်ခံနေကြောင်းသိရသဖြင့် Black Eagle Ranger(BER) အဖွဲ့နှင့် တပ်ခွဲတစ်ခုဖြစ်သည့် Burma Dragon Army(BDA) အဖွဲ့တို့မှ အဆိုပါရုံးကို ဗုံးဖောက်ခွဲရန်စီစဉ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါရုံးသို့ မီတာ‌ဆောင်ရန် ရောက်ရှိလာကြသည့် ပြည်သူများ ထိခိုက်အန္တရာယ်ဖြစ်မည်ကို စိုးရိမ်၍ ပြည်သူများအားလုံး ပြန်လည်ထွက်ခွါသွားချိန်အထိ စောင့်ဆိုင်းနေစဉ် စစ်ကောင်စီတပ်သားများရောက်ရှိလာသောကြောင့် တိုက်ခိုက်မှုပြုလုပ်မည့်အဖွဲ့သားများက ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

“မီတာမဆောင်တဲ့အိမ်တွေကို လျှပ်စစ်ဝန်ထမ်းတွေက မီးတွေလိုက်ဖြတ်တယ်။ မီတာခတွေအတင်းကောက်ခံတာတွေရှိတယ်။ ကျွန်တော်တို့မြို့နယ်မှာတော်တော်များများလည်း တွေ့ကြုံနေရတယ်။ တိုင်ကြားထားတာတွေရှိတယ်။ ကျွန်‌တော်တို့က သူတို့ကို ဒီလိုမျိုးဆက်ပြီးမလုပ်ဖို့ သတိပေးရုံအဆင့်လောက်နဲ့ ဒီနေ့ဖောက်ခွဲဖို့စီစဉ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး”ဟု Black Eagle Ranger(BER) အဖွဲ့၏ တာဝန်ခံကပြောသည်။

လျှပ်စစ်ဝန်ထမ်းများအားလုံး CDM အမြန်လုပ်ကြရန်၊ လျှပ်စစ်မီတာခ ဖိအားပေးကောက်ခံခြင်းများ ရှိနေပါက အချိန်နေရာမရွေး တိုက်ခိုက်အရေးယူသွားမည်ဖြစ်ကြောင်း၊ အသက်ဆုံးရှုံးသည်အထိ တိုက်ခိုက်မှုများပြုလုပ်သွားမည်ကို သသိထား ဆင်ခြင်စေလိုသည်ဟု Black Eagle Ranger(BER) အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမ ကိုပြောသည်။

ယမန်နေ့ဖြစ်စဉ်တွင် မြို့ပြပြောက်ကျားအဖွဲ့မှ တိုက်ခိုက်ရန်စီစဉ်ထားသော မပေါက်ကွဲသေးသည့်ဗုံးကို စစ်ကောင်စီတပ်သားများမှ ရှာဖွေတွေ့ရှိခဲ့မှုကြောင့် အချိန် နှစ်နာရီကျော်ကြာ ပိတ်ဆို့စစ်ဆေးမှု ပြုလုပ်ခဲ့သည်များလည်း ရှိသည်ဟု သိရသည်။

ပြည်သူများက မီတာဆောင်ရန်ပေးရသောငွေကြေးသည် စစ်ကောင်စီတပ်မှ မိမိတို့ရဲ‌ဘော်များကို သေစေနိုင်သည်အထိ ဖြစ်စေသော ကျည်ဖိုးကို ပေးရသည်နှင့်အတူတူသာဖြစ်၍ သွေးစွန်းငွေများဖြတ်တောက်ရေး အစီအစဉ်များတွင် ပါဝင်ပေးကြဖို့ကိုလည်း Black Eagle Ranger(BER) အဖွဲ့မှ တောင်းဆိုထားသည်။

#Mizzima

#ရန်ကုန်တိုင်း

#လှိုင်သာယာမြို့

#လျှစ်စစ်မီတာရုံး

#ဖောက်ခွဲ

#BlackEagleRanger(BER)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required