အရှုံးပေါ်ခဲ့သည့် မန္တလေး မြို့ပတ်ရထား ခရီးစဉ်ကို စစ်ကောင်စီ ပြန်ဖွင့်

အရှုံးပေါ်ခဲ့သည့် မန္တလေး မြို့ပတ်ရထား ခရီးစဉ်ကို စစ်ကောင်စီ ပြန်ဖွင့်

မတ် ၂၆

စီးနင်း လိုက်ပါသူ မရှိ၍ အရှုံးပေါ်ခြင်းကြောင့် ရပ်ထားရသည့် မန္တလေး မြို့ပတ်ရထား ခရီးစဉ်ကို စစ်ကောင်စီက ယမန်နေ့ (မတ်လ ၂၅)က ဖွင့်ပွဲလုပ်ခဲ့ပြီး ပြန်လည် ဖွင့်လှစ် ပြေးဆွဲမည် ဖြစ်သည်။

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် မန္တလေး ရောက်သည့် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလက ပြန်လည် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

“အလုပ်မရှိ ကြောင်ရေချိုး ဆိုသလိုပေ့ါဗျာ။ နောက်တစ်ခုက လူရွှင်တော်တွေ ပြက်လုံး ပြက်သလိုမျိုး။ ရှက်ရှက်နဲ့ ဘာလုပ်ရမှန်း မသိလို့ ချေးခြောက် ကောက်စားနေတယ် ဆိုတာမျိုးပေါ့။ ဘာမှလည်း ဟုတ်တိပတ်တိ လုပ်စရာက မရှိတော့ ဘာတွေ လျှောက်လုပ်နေမှန်းကို မသိပါဘူးဗျာ ” ဟု မန္တလေးမြို့ခံ စာနယ်ဇင်းသမား တစ်ဦးက မှတ်ချက်ပြု ပြောဆိုသည်။

မန္တလေး မြို့ပတ်ရထား ခရီးစဉ် စတင်ပြေးဆွဲခြင်း အခမ်းအနားကို မန္တလေး ဘူတာကြီး စင်္ကြ (၁)တွင် ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းများအား မြို့ပတ်ရထားစီး ခရီးသည်များအဖြစ် ဟန်ဆောင် စီးခိုင်းစေခဲ့သည်။

“ဆိုင်ကယ်နဲ့ ပတ်ရင် ၁၅ မိနစ်လောက် ခရီးလေးကို မြို့ပတ်ရထား စီစဉ် နေသေးတယ်။ မန္တလေးမှာ မြို့ပတ် လိုင်းကားတောင် အလုပ် မဖြစ်တာကို မြို့ပတ် ရထားဆိုပြီး ပြန်လုပ် နေပြန်ပြီ။ ခေတ်နောက် ပြန်ဆွဲနေတာ” ဟု မန္တလေးမြို့ခံ တစ်ဦးက ပြောသည်။

ခရီးစဉ်တွင် အမှတ် (မ-၄၁) အဆန် RBE ရထားသည် မန္တလေး ဘူတာမှ နံနက် ၇ နာရီတွင် ထွက်ခွာ၍ သူရဲဈေး ဘူတာသို့ နံနက် ၉ နာရီတွင် လည်းကောင်း၊ အမှတ် (မ-၄၂) အစုန် RBE ရထားသည် သူရဲဈေး ဘူတာမှ မွန်းလွဲ ၂ နာရီတွင် ထွက်ခွာ၍ မန္တလေး ဘူတာသို့ ညနေ ၄ နာရီတွင် လည်းကောင်း အသီးသီး ရောက်ရှိမည် ဖြစ်သည်။

လမ်းတလျှောက် ရှမ်းစုဘူတာ၊ မြို့ဟောင်းဘူတာ၊ သိုးခြံဘူတာ၊ ကန်သာယာဘူတာ၊ အောင်ပင်လယ်ဘူတာ၊ ယာဉ်ပျံဘူတာ၊ အိုးဘိုဘူတာနှင့် သူရဲဈေး ဘူတာတို့၌ ရပ်တန့် ပေးသွားမည်ဖြစ်ပြီး ခရီးသည် တစ်ဦးလျှင် ငွေကျပ် ၂၀၀ နှုန်းဖြင့် အသွားအပြန် ငွေကျပ် ၄၀၀ ကျသင့်မည် ဖြစ်ကြောင်း မြန်မာ့မီးရထားက ကြေညာထားသည်။

#Mizzima

#မန္တလေး

#မြို့ပတ်ရထားခရီးစဉ်

#အရှုံးပေါ်

#စစ်ကောင်စီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly