မြန်မာကို စာနာမှုအကူအညီ ဖြန့်ဝေရေး ဆွေးနွေးမည့် အစည်းအဝေး ဧပြီလကုန်၌ ကျင်းပနိုင်ဟု အာဆီယံသံတမန် ပြော

မြန်မာကို စာနာမှုအကူအညီ ဖြန့်ဝေရေး ဆွေးနွေးမည့် အစည်းအဝေး ဧပြီလကုန်၌ ကျင်းပနိုင်ဟု အာဆီယံသံတမန် ပြော

မတ် ၂၅

မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှု အကူအညီ ဖြန့်ဝေပေးပို့မှုဆိုင်ရာ တိုင်ပင်ဆွေးနွေးမှု အစည်းအဝေးတစ်ရပ်ကို ဧပြီလကုန် သို့မဟုတ် မေလ အစောပိုင်းတွင် ကျင်းပသွားရန် စီစဉ်ထားသည်ဟု သိရသည်။

ယင်းသတင်းအချက်အလက်ကို အာဆီယံဥက္ကဋ္ဌ၏ မြန်မာဆိုင်ရာ အထူးသံတမန် ပရက်ခ် ဆော့ခွန်းက မတ်လ ၂၁-၂၃ ၎င်း၏ မြန်မာခရီးစဉ် ရလဒ်များနှင့်ပတ်သက်ပြီး သတင်းစာရှင်းလင်းစဉ် ပြောဆိုသွားခဲ့ခြင်း ဖြစ်သည်။

ခွဲခြားဆက်ဆံမှု မရှိဘဲ မြန်မာနိုင်ငံရှိ အကူအညီ အလိုအပ်ဆုံး ပြည်သူများကို လူသားချင်းစာနာမှု အကူအညီများ မည်ကဲ့သို့ ဖြန့်ဝေသွားမလဲ ဆိုသည်နှင့်ပတ်သက်ပြီး ရှေ့လာမည့် တိုင်ပင်ဆွေးနွေးမှု အစည်းအဝေးတွင် သက်ဆိုင်သူအားလုံးက အမြင်ချင်းဖလှယ် ဆွေးနွေးနိုင်ကြလိမ့်မည် ဖြစ်ကြောင်း ကမ္ဘောဒီးယား ဒုဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး ဆော့ခွန်းက ပြောသည်။

အကူအညီ ဖြန့်ဖြူးပေးဝေမှုကို ချောမွေ့စွာ လုပ်ဆောင်နိုင်စေမည့် နည်းလမ်းများကို ထိုအစည်းအဝေးတွင် ရှာဖွေသွားလိမ့်မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

ထို အစည်းအဝေးတွင် အဓိကကျသည့် အချက်သုံးချက်ကိုလည်း ဆွေးနွေးသွားမည် ဖြစ်သည်။ ယင်းတွင် အာဆီယံဘုံသဘောတူညီချက် ငါးချက် အကောင်အထည်ဖော်မှုကို စောင့်ကြည့်၊ ညှိနှိုင်းချိတ်ဆက်ရန် အာဆီယံဥက္ကဋ္ဌဟောင်း ဘရူနိုင်း၊ လက်ရှိ ဥက္ကဋ္ဌ ကမ္ဘောဒီးယားနှင့် လာမည့်နှစ် ဥက္ကဋ္ဌ အင်ဒိုနီးရှား နှင့် အာဆီယံ အတွင်းရေးမှူးချုပ်တို့ ပါဝင်မည့် အာဆီယံ သုံးပွင့်ဆိုင် ယန္တရား ထူထောင်ရေး၊ အာဆီယံနှင့် မြန်မာ၏ လုပ်ဆောင်ချက်ကို ထောက်ကူရန် “မြန်မာ၏ မိတ်ဆွေများ” အဖွဲ့ ဖွဲ့စည်းရေး နှင့် လူသားချင်းစာနာမှု စင်္ကြံတစ်ခု ဖန်တီးရေး တို့ ဖြစ်ကြောင်း ဆော့ခွန်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required