မြန်မာရေတပ်အတွက် အိန္ဒိယက ရူပီး သန်း ၅၀၀ တန် ရေတပ်လေ့ကျင့်ရေးယန္တရား တည်ဆောက်ပေးနေ

မြန်မာရေတပ်အတွက် အိန္ဒိယက ရူပီး သန်း ၅၀၀ တန် ရေတပ်လေ့ကျင့်ရေးယန္တရား တည်ဆောက်ပေးနေ
Photo - https://www.facebook.com/www.myanmarnavy.org

အိန္ဒိယနိုင်ငံ မဟာရာရှထရာပြည်နယ် ပန်မြို့အခြေစိုက် ဂိုအာသင်္ဘောကျင်း GSL နှင့် မိတ်ဖက်ပူးပေါင်းထားသည့် စက်ယန္တရားများ တည်ဆောက်ထုတ်လုပ်ရေး Electropneumatics and Hydraulics India (EPHL) ကုမ္ပဏီက ရူပီး သန်း ၅၀၀ တန် Damage Control Simulator (DCS)(သင်္ဘော ပျက်စီးမှုကြုံစဉ် ရေတပ်သားများ အရေးပေါ်ပြင်ဆင်မှု လေ့ကျင့်ရေးယန္တရား)အား မြန်မာရေတပ်အတွက် တည်ဆောက်ပေးလျက်ရှိနေကြောင်း ကုမ္ပဏီထိပ်တန်းအမှုဆောင်အရာရှိတစ်ဦးက ပြောသည်။

"DCS က အိန္ဒိယမှာ ပထမဆုံးတီထွင်တဲ့ ရေတပ်လေ့ကျင့်ရေးစက်ယန္တရားပဲဖြစ်ပါတယ်။ ၁၉၉၉ က အိန္ဒိယရေတပ်အတွက် ဂိုအာသင်္ဘောကျင်းနဲ့အတူ ပူးပေါင်းတီထွင်ခဲ့ခြင်းပဲဖြစ်ပါတယ်။"ဟု EPHL မှ လုပ်ငန်းလည်ပတ်ရေးနှင့် ဈေးကွက်ဌာန ဥက္ကဌဖြစ်သူ ပရာရှန့်က Deccan Herald သို့ ပြောကြားသည်။

DSC သည် သင်္ဘောပုံစံတူ တစ်မျိုးဖြစ်ကြောင်း၊ ပြည်တွင်းဖြစ် တီထွင်မှုဖြစ်ကြောင်း၊ သင်္ဘောနစ်မြုပ်ခြင်း၊ ပျက်စီးခြင်းများ ကြုံတွေ့ချိန် အပျက်အစီးများအား သင်္ဘောသားများက ကာကွယ်ထိန်းချုပ်ရေး အတွက် ကြိုတင်လေ့ကျင့်မှုယူနိုင်သည့် စက်ယန္တရားတစ်မျိုးဖြစ်ကြောင်း ပရာရှန့်က ရှင်းလင်းပြောဆိုသည်။ သင်္ဘောရေဝင်မှု၊ မီးလောင်မှုများကို ကာကွယ်ထိန်းချုပ်ရေး လေ့ကျင့်မှုတွင် တစ်ကြိမ်ကို တပ်သားအင်အား ၅၀ နီးပါး ပါဝင်လေ့ကျင့်နိုင်သည့် စက်ယန္တရားလည်းဖြစ်သည်။

၁၉၉၉ ခုနှစ် DCS မတည်ဆောက်နိုင်သေးချိန်က အိန္ဒိယရေတပ်သည် ထိုလေ့ကျင့်မှုများအတွက် ရေတပ်ဗိုလ်အရာရှိ အနည်းငယ်ကိုသာ အင်္ဂလန်တို့ စေလွှတ်သင်တန်းပေးနိုင်ခြင်းဖြစ်ကြောင်း ပရာရှန့်က ပြောသည်။ လက်ရှိတွင် ရေတပ်အရာရှိများသာမက တပ်သားများပါ လေ့ကျင့်မှုများ လုပ်ဆောင်နိုင်ကြပြီဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။ ယင်း DCS လေ့ကျင့်ရေးယန္တရားအား အိန္ဒိယတွင်ပါမက တောင်နှင့် အရှေ့တောင်အာရှ မိတ်ဖက်နိုင်ငံများဖြစ်သည့် အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ သီရိလင်္ကာ၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့က   ရေတပ်အရာရှိများပါ လေ့ကျင့်သင်တန်းပေးခဲ့ပြီးလည်းဖြစ်သည်။

"အိန္ဒိယမှာ မြန်မာရေတပ်က DCS နဲ့ လာရောက်လေ့ကျင့်သင်တန်းဆင်းပြီးတဲ့အခါမှာ ရန်ကုန်မှာလည်း DCS ယန္တရားကို တည်ဆောက်နိုင်ဖို့ ဂိုအာသင်္ဘောကျင်းကို ချဉ်းကပ်ခဲ့တာပဲဖြစ်တယ်။   မြန်မာနိုင်ငံမှာ DCS တည်ဆောက်ပေးနေတာမှာ လုပ်အား ၁၀၀ ကျော် သုံးပြီး တည်ဆောက်ပေးနေတာဖြစ်ပါတယ်။ မတ်လမကုန်မီမှာ ပြီးနိုင်ပါမယ်။"ဟု ပရာရှန့်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required