ယူကရိန်းကို ကျူးကျော်စစ်ကြောင့် ရုရှအပေါ် အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှုသစ်များ ချမှတ် 

ယူကရိန်းကို ကျူးကျော်စစ်ကြောင့် ရုရှအပေါ် အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှုသစ်များ ချမှတ် 
Photo - Reuters 

မတ် ၂၅

ယူကရိန်းကို ကျူးကျော်စစ်ကြောင့် ရုရှအား အမေရိကန်နှင့် မဟာမိတ်များက ကြာသပတေးနေ့တွင် ဖိအားများ တိုးမြှင့်ပေးပြီး ရုရု စစ်ဘက်ဆိုင်ရာ ကုမ္ပဏီ ဒါဇင်များစွာ၊ လွှတ်တော်အဖွဲ့ဝင် ရာပေါင်းများစွာနှင့် ရုရှအကြီးဆုံးဘဏ်၏ အမှုဆောင်အရာရှိချုပ်တို့အား ဒဏ်ခတ်ပိတ်ဆို့မှုသစ်များ ချမှတ်သည်။ 

ရှိဆဲ ဒဏ်ခတ်ပိတ်ဆို့မှုများအား ရုရှ ရှောင်တိမ်းနိုင်ခြင်း မရှိစေရန် ရည်ရွယ်ပြီး ရုရှပါဝင်သည့် ရွှေနှင့်ဆက်စပ်သော အရောင်းအဝယ် ပြုလုပ်ခြင်းများကို အမေရိကန်အာဏာပိုင်များအနေဖြင့် ဒဏ်ခတ်ပိတ်ဆို့ဖြစ်ဖွယ်ရှိသည်ဟုလည်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ၎င်း၏ ဝက်ဘ်ဆိုက်တွင် သတိပေးရေးသားသည်။ 

“နိုင်ငံတကာ စီးပွားရေး အစီအစဉ်မှာ ပါဝင်နေခြင်းကနေ ရုရှနိုင်ငံက အကျိုးအမြတ် ရရှိနေတာ၊ အခွင့်အရေး ခံစားနေတာကို စနစ်တကျ ဖယ်ရှားပစ်ဖို့ ကျွန်တော်တို့ ရည်ရွယ်ပါတယ်”ဟု အမည်မဖော်သော အကြီးတန်း အုပ်ချုပ်ရေးရာ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

လွန်ခဲ့သည့် တစ်လက ယူကရိန်းအား ရုရှတပ်များ ကျူးကျော်ပြီး ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပ၌ အကြီးဆုံး တိုက်ခိုက်မှုများ ဆင်နွှဲချိန်မှစကာ ရုရှနိုင်ငံ၏ အကြီးဆုံးဘဏ်များနှင့် သမ္မတ ဗလာဒီမာ ပူတင်တို့ကို အမေရိကန်နှင့် မဟာမိတ်များက ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်နေခြင်း ဖြစ်သည်။ 

အိမ်နီးချင်း ယူကရိန်းနိုင်ငံတွင် လက်နက်ဖျက်သိမ်းရန်နှင့် နာဇီဝါဒ ကင်းစင်ရန်အတွက် “အထူး စစ်ဆင်ရေး” ဆင်နွှဲခြင်းသာ ဖြစ်သည်ဟု ရုရှက ပြောဆိုထားသည်။ 

ယခု ပစ်မှတ်ထားသော ဒဏ်ခတ်ပိတ်ဆို့မှုများတွင် ရုရှနိုင်ငံပိုင် Tactical Missiles Corp အပါအဝင် ကာကွယ်ရေး ကုမ္ပဏီ ၄၀ ကျော်နှင့် ဆက်စပ်သော ကုမ္ပဏီ ၂၈ ခုတို့ ပါဝင်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

အမေရိကန်၏ လုပ်ဆောင်ချက်သည် အီးယူ၊ ဗြိတိန်နှင့် ကနေဒါတို့က ချမှတ်ထားသည့် အလားတူ အရေးယူလုပ်ဆောင်ချက်များနှင့် တစ်ထပ်တည်းဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောသည်။ 

ဗြိတိန်က ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ထားပြီးဖြစ်သည့် Tactical Missiles corp သည် စစ်သင်္ဘောစနစ်နှင့် ယူကရိန်းတွင် ရုရှ အသုံးပြုနေသော လက်နက်များ ထုတ်လုပ်ရာ ကုမ္ပဏီလုပ်ငန်းစုဖြစ်သည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောသည်။  

ယခု ဒဏ်ခတ်ပိတ်ဆို့စာရင်းသစ်၌ ရုရှစစ်တပ်အတွက် လက်နက်ခဲယမ်းများ၊ အရပ်ဘက်နှင့် စစ်ဘက်ရဟတ်ယာဉ်များနှင့် ဒရုန်းများ ထုတ်လုပ်ရာ ကုမ္ပဏီများလည်း ပါဝင်သည်။ ဒရုန်းများကို ကနဦးက ထောက်လှမ်းရေးအတွက် ထုတ်လုပ်ခြင်းဖြစ်သော်လည်း ယူကရိန်းတပ်ဖွဲ့အား တိုက်ခိုက်ရာ၌ “ပြန်လည်အသုံးချခြင်း” ကြောင့် ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းသွင်းခြင်းဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ဖော်ပြခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly