ရုရှနှင့် ယူကရိန်းအကြား အကျဉ်းသားလဲလှယ်မှု လုပ်ဆောင်

ရုရှနှင့် ယူကရိန်းအကြား အကျဉ်းသားလဲလှယ်မှု လုပ်ဆောင်
Photo - AFP

မတ် ၂၅

ရုရှ နှင့် ယူကရိန်းတို့အကြား အကျဉ်းသားလဲလှယ်မှု လုပ်ဆောင်ထားခဲ့ကြောင်း နှစ်ဘက်စလုံးက မတ်လ ၂၄ ရက်တွင် အတည်ပြုသည်။

ယင်းသည် ပြီးခဲ့သည့် တစ်လအကြာက ယူကရိန်းနိုင်ငံထဲ ရုရှတပ်ဖွဲ့ဝင်များ ဝင်ရောက်ရန် ရုရှအစိုးရက အမိန့်ပေးခဲ့ပြီးနောက် စစ်အတွင်း အပြန်အလှန် ဖမ်းဆီးထားခဲ့သည့် စစ်သားများကို ပထမဆုံးအကြိမ် လဲလှယ်ခြင်းဖြစ်သည်ဟု ယူကရိန်းက ပြောသည်။

“သမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးဆီက အမိန့်ရပြီးနောက် ပထမဆုံးသော စစ်အကျဉ်းသားအချင်းချင်း လဲလှယ်မှု ဖြစ်ပေါ်လာခဲ့ပါတယ်” ဟု ယူကရိန်း ဒုဝန်ကြီးချုပ် အိုင်ရီနာ ဗဲရာရှက်ခ်က ဖေ့ဘွတ်ခ်တွင် ရေးသည်။

“ဖမ်းမိထားတဲ့ ကျူးကျော်သူ ၁၀ ဦးကို ပြန်လွှတ်ပေးပြီး ကျွန်မတို့ဟာ ကျွန်မတို့ရဲ့ စစ်သည် ၁၀ ဦးကို ပြန်လည်ကယ်တင်နိုင်ခဲ့ပါတယ်” သူမက ရုရှနှင့် ယူကရိန်း တပ်ဖွဲ့ဝင်များကို ရည်ညွှန်းရင်း ပြောသည်။

အလားတူ ပင်လယ်နက် ဆိပ်ကမ်းမြို့ အိုဒက်ဆာအနီး ကယ်ထားခဲ့သည့် ရုရှအရပ်ဘက် သင်္ဘောသား ၁၁ ဦး ကို မော်စကို ထိန်းသိမ်းထားသည့် ယူကရိန်း အရပ်ဘက် သင်္ဘောသား ၁၉ ဦးနှင့် လဲလှယ်ခဲ့သည်ဟု ဗဲရာရှက်ခ်က ပြောသည်။

“ယူကရိန်း နယ်နိမိတ်ထဲမှာ ထိန်းသိမ်းခံထားခဲ့ရတဲ့ ရုရှတပ်ဖွဲ့ဝင် ၁၀ ဦးနဲ့ ရုရှဘက်က ထိန်းသိမ်းထားခဲ့တဲ့ ယူကရိန်းတပ်ဖွဲ့ဝင် ၁၀ ဦးတို့ အပြန်အလှန် လဲလှယ်မှု လုပ်ခဲ့တဲ့ သတင်းအချက်အလက်ကို အတည်ပြုပါတယ်။ အလားတူ ရုရှ အရပ်ဘက်သင်္ဘောသားတွေနဲ့ ယူကရိန်း အရပ်ဘက်သင်္ဘောသားတွေ အပြန်အလှန် လဲလှယ်မှု လုပ်ခဲ့တာလည်း ရှိပါတယ်” ဟု ရုရှ လူ့အခွင့်အရေး ကော်မရှင်နာ တာတီယာနာ မော့စ်ကယ်လ်ကိုဗာက ပြောသည်။

မော်စကိုသည် ပြီးခဲ့သည့်လက ယူကရိန်းကို ကျူးကျော်မှု လုပ်ပြီးနောက်ပိုင်း အကျဉ်းသားလဲလှယ်မှု နှစ်ခုကို ပြီးမြောက်အောင် လုပ်ဆောင်ထားသည်ဟု ရုရှ နိုင်ငံခြားရေးဝန်ကြီးဌာနက ယခုအပတ်အစောပိုင်းတွင် အတည်ပြုထားခဲ့သည်။

ထို့ပြင် ရုရှစစ်တပ်က ဖမ်းထားခဲ့သည့် ယူကရိန်းအရှေ့တောင်ပိုင်း  မယ်လီတိုပိုမြို့ မြို့တော်ဝန်ကို ရုရှအကျဉ်းသား ကိုးဦးနှင့် လဲလှယ်ခဲ့သည်ဟုလည်း မော့စ်ကယ်လ်ကိုဗာက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly