ယူကရိန်း၌ ရုရှတပ်ဖွဲ့ဝင် ၇,၀၀၀ မှ ၁၅,၀၀၀ အကြား သေဆုံးဟု နေတိုး ခန့်မှန်း

ယူကရိန်း၌ ရုရှတပ်ဖွဲ့ဝင် ၇,၀၀၀ မှ ၁၅,၀၀၀ အကြား သေဆုံးဟု နေတိုး ခန့်မှန်း
A woman walks as Ukrainian servicemen prepare to pick up a body in the north of Kyiv. File/AFP

မတ် ၂၄

ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲသည့် လေးပတ်တာအတွင်း ရုရှစစ်သား ၇,၀၀၀ မှ ၁၅,၀၀၀ အကြား သေဆုံးခဲ့ပြီဟု နေတိုးအုပ်စုက မတ်လ ၂၃ ရက်တွင် ခန့်မှန်းခဲ့သည်။ ယူကရိန်းစစ်ပွဲတွင် ရုရှတို့က အလျင်အမြန် အောင်ပွဲရရှိနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း ယူကရိန်းတပ်ဖွဲ့များ၏ အပြင်းအထန် ခုခံတိုက်ခိုက်မှုများက ယင်းကြိုးပမ်းချက်ကို တားဆီးပိတ်ပင်ထားခဲ့သည်။

နှိုင်းယှဉ်ကြည့်ပါက ရုရှသည် အာဖဂန်နစ္စတန်တွင် ၁၀ နှစ်ကျော်အတွင်း တပ်ဖွဲ့ဝင် ၁၅,၀၀၀ ခန့် ဆုံးရှုံးထားခဲ့သည်။

နေတိုးအုပ်စုသည် မဟာမိတ်အဖွဲ့၏ အရှေ့ဘက် နယ်နိမိတ်များတွင် ယင်း၏ ရှိနေမှုကို သိသိသာသာ တိုးမြှင့်ထားခဲ့ပြီး ဘောလ်တစ်ဒေသမှ ပင်လယ်နက်အထိ တပ်ဖွဲ့ဝင် ၄၀,၀၀၀ ခန့်ကို ဖြန့်ကြက်ထားခဲ့သည်။

ထို့ပြင် ခေါင်းဆောင်များအနေဖြင့် ဘူလ်ဂေးရီးယား၊ ရိုမေးနီးယား၊ ဟန်ဂေရီ နှင့် ဆလိုဗက်ကီးယားတို့တွင် တိုက်ခိုက်ရေး တပ်ဖွဲ့သစ် လေးခု ဖြန့်က​ြက်ရန် ဆွေးနွေးသွားမည်ဟု နေတိုး အတွင်းရေးမှူးချုပ် ယန်စ် စတိုလ်တန်ဘာ့ဂ်က ပြောသည်။

“မဟာမိတ်အဖွဲ့ရဲ့ အရှေ့ဘက်အပိုင်းမှာ အဓိကကျတဲ့ တိုးချဲ့မှုတွေနဲ့အတူ နယ်ပယ်အားလုံးမှာ နေတိုးရဲ့ ရပ်တည်ချက်ကို အားကောင်းစေဖို့ ခေါင်းဆောင်တွေ သဘောတူလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်” ဟု ၎င်းက မတ်လ ၂၃ ရက် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောသည်။

တစ်ချိန်တည်းမှာပင် နေတိုးနှင့် အီးယူ ထိပ်သီးအစည်းအဝေးများတွင် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက ဗီဒီယိုကွန်းဖရင့်စနစ်ဖြင့် မိန့်ခွန်းပြောသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly