အမေရိကန်တက္ကသိုလ်မှ တရုတ်ကျောင်းသားများက အခွင့်အရေးချိုးဖောက်မှုအကြောင်းပြောသည့် ဝီဂါအတန်းဖော်ကို လှောင်ပြောင်

အမေရိကန်တက္ကသိုလ်မှ တရုတ်ကျောင်းသားများက အခွင့်အရေးချိုးဖောက်မှုအကြောင်းပြောသည့် ဝီဂါအတန်းဖော်ကို လှောင်ပြောင်

လွန်ခဲ့သည့် သီတင်းပတ်က နယူးယောက်မြို့ရှိ တက္ကသိုလ်၏ အခမ်းအနားတစ်ခု၌ ရှင်ကျန်းတွင် တရုတ်အစိုးရ၏ အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်၍ ဝီဂါကျောင်းသားတစ်ဦးက ပြောဆို ဆွေးနွေးပြီးနောက် တရုတ်နွယ်ဖွားကျောင်းသားအများအပြားက ကန့်ကွက်ကာ ပွဲအတွင်းမှ ထွက်ခွာသွားခဲ့ကြသည်။

အပတ်စဉ် ဆွေးနွေးပွဲတစ်ခု၌ Cornell တက္ကသိုလ်ကျောင်းသူ ရစ်ဝမ်ဂါနာမူဟာမတ်က ယူကရိန်းကျူးကျော်မှုအတွက် အမေရိကန်အစိုးရသည် ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့သော်လည်း တရုတ်အစိုးရအပေါ် အလားတူ ပြစ်ဒဏ်မျိုး အဘယ့်ကြောင့် မချမှတ်သေးသနည်းဟု အမေရိကန်လွှတ်တော်အမတ်ကို မေးမြန်းခဲ့သည်။

အဆိုပါကျောင်းသူ၏မေးခွန်းအပေါ် ဆန့်ကျင်ကန့်ကွက်ကာ တရုတ်ကျောင်းသားအချို့က အော်ဟစ်လှောင်ပြောင်ပြီး ပွဲအတွင်းမှထွက်ခွါသွားခဲ့ကြကြောင်း Axios သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့သည်။

မစ်ရှီဂန်မှ အမေရိကန်ကိုယ်စားလှယ် အဲလစ်ဆာစလော့ကင်က ဝီဂါအသိုက်အဝန်းနှင့်ပတ်သက်ပြီး တရုတ်ပေါ်လစီအကြောင်းဆွေးနွေးသောဝီဂါကျောင်းသူသည် တရုတ်အစိုးရကို ပြစ်တင်ဝေဖန်မှုအတွက် စုပေါင်းဆန္ဒပြခံရသည့် သားကောင်ဖြစ်ခဲ့ရဖြစ်ကြောင်း Twitter ၌ ရေးသားထားသည်။

“သူ့ကိုယ်သူ ဝီဂါလူမျိုးလို့ပြောတဲ့ အမျိုးသမီးငယ်က ၂၀၁၇ ခုနှစ်ကတည်းက တရုတ်နိုင်ငံမှာ ထိန်းသိမ်းခံထားရတဲ့ သူ့အစ်ကိုအကြောင်း ကျွန်မကို ပြောပြခဲ့ပါတယ်။ ဝီဂါလူနည်းစုတွေ ဖိနှိပ်ခံရတဲ့အပေါ် ကမ္ဘာ့နိုင်ငံတွေက ဘာလို့ အလေးမထားခဲ့ကြတာလဲဆိုပြီး သူမက မေးခဲ့ပါတယ်” ဟု စလော့ကင်က Twitter ၌ ရေးသားခဲ့သည်။

“ဝီဂါအသိုက်အဝန်းအပေါ် တရုတ်ပေါ်လစီနဲ့ပတ်သက်ပြီး လူသိများတဲ့အချက်တွေဖြစ်တဲ့ အစိုးရက ထောင်သွင်းအကျဉ်းချတာ၊ အဓမ္မအလုပ်ခိုင်းတာနဲ့ အတင်းအကျပ်အယူဝါဒသွပ်သွင်းတာတွေကို ထောက်ပြပြီး ပြန်ဖြေခဲ့ပါတယ်။ အဲဒါကို ပြန်လည်တုံ့ပြန်တဲ့အနေနဲ့ တရုတ်နွယ်ဖွားကျောင်းသားတွေက ထပြီး ထွက်သွားကုန်ကြပါတယ်။ ဒါဟာ တရုတ်အစိုးရအပေါ် ဝေဖန်တာကို စုပေါင်းဆန္ဒပြလိုက်ပုံပါပဲ” ဟု သူမကဆိုသည်။

အမေရိကန် လွှတ်တော်အမတ်က တရုတ်ကျောင်းသားများ၏လုပ်ရပ်များကို ရှုတ်ချလိုက်ပြီး “တရုတ်လူမျိုး ဒါမှမဟုတ် အတန်းထဲက တရုတ်ကျောင်းသားတွေနဲ့ ဘာပြဿနာမှ မရှိပါဘူး။ ဒါပေမယ့် တရုတ်ကွန်မြူနစ်ပါတီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုကိစ္စကိုတော့ ရှောင်ဖယ်နေမှာမဟုတ်ပါဘူး” ဟု ဆိုသည်။

ဝီဂါများနှင့် အခြားတရုတ်အုပ်စုများသည် တရုတ်အစိုးရနှင့်ပတ်သက်ပြီး အမေရိကန်ကျောင်းများ၌ ပြောဆိုသောအခါတွင် တစ်ခါတစ်ရံ ၎င်းတို့၏မိသားစုဝင်များမှာခြိမ်းခြောက်ခံရခြင်းများ ကြုံတွေ့ရသည်ဟု Axios ကဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required