ရုရှ၏ ကျူးကျော်စစ်ကို တစ်ကမ္ဘာလုံးက ဆန္ဒပြရန် ယူကရိန်းသမ္မတ ဆော်ဩ 

ရုရှ၏ ကျူးကျော်စစ်ကို တစ်ကမ္ဘာလုံးက ဆန္ဒပြရန် ယူကရိန်းသမ္မတ ဆော်ဩ 
Photo : Crd

မတ်လ ၂၄ ရက်

ယူကရိန်းနိုင်ငံအား ရုရှ၏ ကျူးကျော်စစ် ရပ်တန့်ရေး ကမ္ဘာအနှံ့က ပြည်သူများအနေဖြင့် လမ်းများပေါ် ထွက်ရန် ယူကရိန်း သမ္မတ ဇယ်လန်စကီးက ဗုဒ္ဓဟူးနေ့တွင် တိုက်တွန်းဆော်ဩသည်။ 

“ယူကရိန်းကို ထောက်ပံ့တဲ့အနေနဲ့ ယူကရိန်းပြည်သူတွေနဲ့အတူ ရှိကြပါ၊ လွတ်လပ်ခွင့်ကို ထောက်ခံပေးကြပါ၊ ဘဝတွေကို ကူညီပံ့ပိုးပေးကြပါ”ဟု ဗီဒီယိုမိန့်ခွန်းတွင် ဇယ်လန်စကီးက အင်္ဂလိပ်လို ပြောဆိုသည်။ “ခင်ဗျားတို့ရဲ့ ရင်ပြင်တွေ၊ လမ်းမတွေဆီ ထွက်လာကြပါ၊ ခင်ဗျားတို့ကိုယ်တိုင် မြင်နိုင်၊ ကြားနိုင်အောင် ပြသကြပါ”ဟု ၎င်းက ဆိုသည်။ 

ရုရှ၏ ကျူးကျော်စစ် တစ်လပြည့်မြောက်မည့် အကြိုရက်တွင် မာန်ပါစွာ ပြောသော မိန့်ခွန်း၌ “မတ် ၂၄ ရက်မှ စကာ နောက်ပိုင်းတွင် စစ်ပွဲကို ဆန့်ကျင်ရပ်တည်ပေးကြရန်” နှင့် ရုရှ၏ သွေးထွက်သံယို အထိအခိုက်များသော စစ်ပွဲကို ဆန့်ကျင်ပြောဆိုကြရန် တစ်ကမ္ဘာလုံးက ပြည်သူများအား ဇယ်လန်စကီးက ဆော်ဩခြင်း ဖြစ်သည်။ 

“ခင်ဗျားတို့ရဲ့ ရပ်တည်ချက်ကို ပြသကြပါ၊ ရုံးတွေ၊ အိမ်တွေ၊ ကျောင်းတွေ၊ တက္ကသိုလ်တွေထဲကနေ ထွက်လာကြပြီး ငြိမ်းချမ်းရေးအတွက် ပြသကြပါ”ဟု ဇယ်လန်စကီးက ပြောသည်။ 

“ကမ္ဘာကြီးအနေနဲ့ ဒီ စစ်ပွဲကို ရပ်ပစ်ရမှာ ဖြစ်တယ်”ဟု ၎င်းက ပြောသည်။ 

ယူကရိန်း၏ အနောက်အုပ်စုလိုလားသော ရှေရှုချက်ကို ဖျက်ဆီးရန် ဖေဖော်ဝါရီ ၂၄ ရက်တွင် ရုရှက အိမ်နီးချင်း ယူကရိန်းအား ကျူးကျော်ချိန်မှစကာ အရပ်သား ရာပေါင်းများစွာ သေဆုံးပြီး ရာနှင့်ချီကာ ထိခိုက်ဒဏ်ရာရကြကာ နိုင်ငံမှ ထွက်ပြေးတိမ်းရှောင်သူပေါင်း ၃ သန်းကျော်ထက်မနည်း ရှိသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly