ယူကရိန်းတွင် ပူတင်၏ ထိုးစစ်ဆင်မှုက ‘တန့်ရပ်နေ’ဟု ဂျာမနီ ပြော 

ယူကရိန်းတွင် ပူတင်၏ ထိုးစစ်ဆင်မှုက ‘တန့်ရပ်နေ’ဟု ဂျာမနီ ပြော 

မတ်လ ၂၃ ရက်

ရုရှတပ်ဖွဲ့ဝင်များက နေ့စဉ်ရက်ဆက် သဲကြီးမည်းကြီး တိုက်ခိုက်နေလင့်ကစား ရုရှသမ္မတ ဗလာဒီမာ ပူတင်၏ ယူကရိန်းအား ကျူးကျော်မှုသည် တန့်ရပ်လျက်ရှိနေသည်ဟု ဂျာမနီ ဝန်ကြီးချုပ် အိုလက်ဖ် ရှိုးဇ်က ပြောပြီး တိုက်ခိုက်မှု ‘ချက်ချင်း’ ရပ်ရန် ရုရှကို တိုက်တွန်းသည်။ 

“တစ်နေ့ပြီး တစ်နေ့ ဖျက်ဆီးတိုက်ခိုက်နေပေမဲ့ ပူတင်ရဲ့ ထိုးစစ်ဟာ တန့်ရပ်နေပါတယ်”ဟု ဂျာမနီလွှတ်တော်၌ မိန့်ခွန်းပြောရာ၌ အိုလက်ဖ် ရှိုးလ်က ဆိုသည်။ 

အနောက်မဟာမိတ်များ၏ မကြုံစဖူးသော ဒဏ်ခတ်ပိတ်ဆို့မှုများက အလုပ်ဖြစ်နေပြီး ရုရှ၏ စီးပွားရေးသည် ထပ်ပြီး ပျက်စီးရန်သာ ရှိတော့သည်ဟု ဂျာမနီခေါင်းဆောင်က သတိပေးသည်။ 

“ဒါပေမဲ့ ဒါဟာ အစပဲ ရှိသေးတယ်၊ အပြင်းထန်ဆုံး နောက်ဆက်တွဲ အကျိုးဆက်တွေ အများအပြား လာမယ့် သီတင်းပတ်တွေအတွင်း ရင်ဆိုင်ရဖို့ ရှိတယ်”ဟု ၎င်းက ပြောရင်း “ကျွန်တော်တို့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဆက်လက် ချမှတ်နေတယ်”ဟု သတိပေးသည်။ 

ပူတင်အနေဖြင့် “အမှန်တရားကို နားစွင့်ရမည်” ဖြစ်ပြီး စစ်ပွဲက ယူကရိန်းကိုသာ ဖျက်ဆီးနေခြင်း မဟုတ်ဘဲ “ရုရှ၏ အနာဂတ်ကိုပါ ဖျက်ဆီးနေသည်”ဟု ၎င်းက ဆိုသည်။ 

ဂျာမနီအနေဖြင့် ယူကရိန်းဘက်က ရပ်တည်သွားမည်ဟု အိုလက်ဖ် ရှိုးဇ်က အတိအလင်း ပြောသော်လည်း ယူကရိန်းတွင် လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ရန် သို့မဟုတ် “ငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်များ” စေလွှတ်ရန် နေတိုးအုပ်စုအား တောင်းဆိုရာတွင်မူ ထောက်ခံချက် ပေးလိမ့်မည်မဟုတ်ဟု ပြောဆိုသည်။ 

ဂျာမနီနိုင်ငံအနေဖြင့် နျူကလီးယား လက်နက်နိုင်ငံ ရုရှနှင့် နေတိုးကြား တိုက်ရိုက်စစ်ရေးပဋိပက္ခ ဖြစ်လာမည်ဘေးအန္တရာယ်ကို အရဲစွန့်လိမ့်မည်မဟုတ်ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly