တရုတ်အထူးစီးပွားရေးဇုန်ရှိ အလုပ်သမားများကို အကာအကွယ်ပေးမည့် အလုပ်သမားစာချုပ်အသစ် ချုပ်ဆိုရန် လာအိုတာဝန်ရှိသူများ ပြင်ဆင်

တရုတ်အထူးစီးပွားရေးဇုန်ရှိ အလုပ်သမားများကို အကာအကွယ်ပေးမည့် အလုပ်သမားစာချုပ်အသစ် ချုပ်ဆိုရန် လာအိုတာဝန်ရှိသူများ ပြင်ဆင်

ဘိုကီအိုပြည်နယ်မှ လာအိုအာဏာပိုင်များသည် တရုတ်နိုင်ငံပိုင် ရွှေတြိဂံအထူးစီးပွားရေးဇုန် (SEZ) တွင် အလိုမတူဘဲ ချုပ်နှောင်ခံထားရသည့် အမျိုးသမီးအလုပ်သမားများနှင့် လိင်လုပ်သားအဖြစ် လူကုန်ကူးခံရသူများကို ပိုမိုကာကွယ်ပေးနိုင်ရန် ကြိုးပမ်းအားထုတ်မှုအဖြစ် စည်းမျဉ်းအသစ်များ ထုတ်ပြန်ခဲ့သည်။

လာအိုအာဏာပိုင်များသည် SEZ တွင် စီမံအုပ်ချုပ်နိုင်သည့် အခွင့်အာဏာမရှိသောကြောင့် အလုပ်ရှင်များက အနိုင်ကျင့်သည့် လုပ်ရပ်များမလုပ်ရန် အပြည့်အဝတားနိုင်မည်မဟုတ်ကြောင်း အလုပ်သမားအရာရှိများနှင့် အထူးစီးပွားရေးဇုန်မှ ဝန်ထမ်းဟောင်းများက ပြောသည်။

လာအိုနိုင်ငံ အနောက်မြောက်ပိုင်းရှိ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုရုံးမှ ချမှတ်ထားသော လုပ်ထုံးလုပ်နည်း အသစ်များအရ အလုပ်သမားများ ဘေးကင်းလုံခြုံသော လုပ်ငန်းခွင်၊ အာမခံ ခံစားခွင့်များနှင့် မျှတသော လုပ်ခလစာများ ရရှိစေရန် SEZ မှ အလုပ်ရှင်များနှင့် အလုပ်သမားများအားလုံးက အလုပ်သမားစာချုပ်များကို လက်မှတ်ရေးထိုးရမည်ဖြစ်သည်။အဓမ္မအလုပ်ခိုင်းခြင်းကိုလည်း တားမြစ်ထားပြီး လုပ်ငန်းခွင်နှင့် နေထိုင်မှုအခြေအနေများကို ပုံမှန်စောင့်ကြည့်ကာ စီမံခန့်ခွဲရေးရုံးသို့ အစီရင်ခံတင်ပြရမည်ဖြစ်သည်။

“အလုပ်သမားတွေကို ကုမ္ပဏီက မှတ်ပုံတင်ပြီးမှ လက်ခံရပါမယ်။ ဒါမှမဟုတ် အလုပ်အကိုင် နေရာချထားရေးအေဂျင်စီက SEZ ကို ပို့ပေးရပါမယ်” ဟု ဘိုကီအိုအထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ဖေဖော်ဝါရီ ၂၄ ရက်က RFA သို့ ပြောကြားခဲ့သည်။

“လာအို၊ တရုတ်၊ ဗမာနဲ့ ထိုင်းအလုပ်သမားတွေအားလုံး လမ်းကြောင်းမှန်ကနေ လာရမယ်။ ဒီမှာ အလုပ်လုပ်ချင်ရင် စည်းကမ်းအတိုင်း လုပ်ရမယ်” ဟု အမည်မဖော်လိုသူတစ်ဦးက ပြောသည်။

အလုပ်ရှင်နှင့် အလုပ်သမားများက အလုပ်သမားစာချုပ်များ ချုပ်ဆိုပြီးနောက် အထူးစီးပွားရေးဇုန် အာဏာပိုင်များက အလုပ်သမားများ၏အချက်အလက်များနှင့် အလုပ်ရှင်အမည်ကို ဖော်ပြထားသောSmart Card ကို အလုပ်သမားများအတွက် ထုတ်ပေးမည်ဖြစ်ကြောင်း အဆိုပါ သတင်းရင်းမြစ်က ဆိုသည်။ကဒ်ရရှိသည့် အလုပ်သမားတိုင်းသည် ပြည်နယ်စီမံခန့်ခွဲမှုရုံးတွင် မှတ်ပုံတင်ရမည်ဖြစ်သည်။ ၎င်းစည်းမျဉ်းသစ်များသည် ဖေဖော်ဝါရီ ၂၂ ရက်ကစတင်အသက်ဝင်ခဲ့သည်။

အလုပ်ရှင်များက အမျိုးသမီးအလုပ်သမားများအား အလိုမတူဘဲ ထိန်းသိမ်းထားခြင်း၊ နေစရာနှင့်စားနပ်ရိက္ခာအတွက် ငွေကြေးအဆမတန်တောင်းဆိုခြင်းနှင့် အကြွေးများဆပ်စေရန် အလုပ်သမားအချို့ကို ပြည့်တန်ဆာအဖြစ် ခိုင်းစေခြင်းတို့ကို စည်းမျဉ်းအသစ်များက တားမြစ်နိုင်မည်လားဆိုသည်ကို သံသယရှိနေကြသည်ဟု SEZ မှ အလုပ်သမားများက ပြောသည်။

စားပွဲထိုးအလုပ် သို့မဟုတ် ရင်းနှီးမြုပ်နှံသူများကို အွန်လိုင်းမှ စည်းရုံးပြောဆိုသူ ကဲ့သို့သော အလုပ်များ လုပ်ရမည်ဟု ကတိပြုခံထားရပြီး SEZ သို့ရောက်ရှိနေသော အမျိုးသမီးအများအပြားကို ဒေသတွင်း လာအို အာဏာပိုင်များက မကြာသေးမီက ကယ်ဆယ်ခဲ့ရသည်။ ထွက်လာချင်ကြသော်လည်း အလုပ်ရှင်များ၏ ထိန်းချုပ်မှု ကြောင့် ရာနှင့်ချီပိတ်မိနေသူများရှိနေသေးသည်။

လာအိုအာဏာပိုင်များသည် ၎င်းတို့လက်လှမ်းမမီသည်ကို လုပ်ဆောင်နေသော တရုတ်ပိုင်ဇုန်အတွင်းသို့ အလွယ်တကူ မဝင်ရောက်နိုင်ပေ။ အမျိုးသမီးများက ၎င်းတို့၏ အထောက်အထားနှင့် အန္တရာယ် ကျရောက်မှုသက်သေများကို အထူးတာဝန်တပ်ဖွဲ့ထံသို့ ပေးပို့ပြီးမှသာ ကယ်ဆယ်မှုများ လုပ်ဆောင် ခဲ့ရသည်။

စာချုပ်တစ်ခု လက်မှတ်ရေးထိုးခြင်းသည် ပြဿနာအတွက် ထိရောက်သော အဖြေမဟုတ်သလို လက်မှတ် ရေးထိုးလိုက်သည်နှင့် အကျိုးသက်ရောက်မှုရှိမည်မဟုတ်ကြောင်း အလုပ်ထွက်ခွင့်ပိတ်ခံထားရသည့် SEZ ဝန်ထမ်းဟောင်းတစ်ဦးက ပြောသည်။

လာအိုအာဏာပိုင်များသည် အထူးစီးပွားရေးဇုန်တွင် အလုပ်သမားများ၏ အခြေအနေများကို စောင့်ကြည့်ရန်၊ လုပ်ငန်းခွင်များကို စစ်ဆေးရန်နှင့် အလုပ်သမားဥပဒေများကို အားကောင်းအောင် လုပ်ဆောင်ရန် အခွင့်အာဏာမရှိပါက အကျိုးခံစားခွင့်များကို ငြင်းပယ်ခြင်းကဲ့သို့ အနိုင်ကျင့်မှုများ သို့မဟုတ် ယင်းထက်ပိုဆိုးသော လူကုန်ကူးမှု ဆက်လက်ဖြစ်ပွားနေဦးမည် ဖြစ်ကြောင်း သူမက ဆိုသည်။

“စာချုပ်ကြောင့် ဘာမှ ပြောင်းလဲသွားမှာမဟုတ်ဘူး။ ကျွန်မ အဲဒီမှာ ထိန်းသိမ်းခံရဖူးတယ်။ လွတ်လပ်မှု လုံးဝမရှိခဲ့ဘူး။ သိတဲ့အတိုင်း အထူးစီးပွားရေးဇုန်မှာ လာအိုရဲတွေက ဘာလုပ်ပိုင်ခွင့်မှမရှိဘူး” ဟု လုံခြုံရေး ကြောင့် အမည်မဖော်လိုသူ ဝန်ထမ်းဟောင်းတစ်ဦးက ပြောသည်။

ပိုကောင်းမွန်သော ဖြေရှင်းချက်

ရွှေတြိဂံအထူးစီးပွားရေးဇုန်ရှိ call center တစ်ခုတွင် အွန်လိုင်းမှ စကားပြောစည်းရုံးသူအဖြစ် လုပ်ကိုင်ခဲ့ဖူး သော မြို့တော်ဗီယင်ကျန်းမှ အမျိုးသမီးတစ်ဦးသည် သတ်မှတ်ချက်ပြည့်မီအောင်

မလုပ်ဆောင်နိုင်သည့်အခါ ပြည့်တန်ဆာအဖြစ် စေခိုင်းခံရသဖြင့် အလုပ်သမား စာချုပ်အသစ် မှသတ်မှတ်ချက်များသည် မတရားမှုကို မလွဲမသေအကာကွယ်မပေးနိုင်ကြောင်း ပြသနေသည်။

အထူးစီးပွားရေးဇုန်မှ အမျိုးသမီးများသည် ခက်ခဲ၍ များပြားလှသောအရောင်းခွဲတမ်းကို ပြည့်မီအောင် ဖြည့်ဆည်းရပြီး မပြည့်မီပါက စားဝတ်နေရေးအတွက်အကြွေးများ တင်ကြောင်း ဝန်ထမ်းဟောင်းက မှတ်ချက်ပြုသည်။

“စာချုပ်က တရားမျှတပြီးတော့ အခြေခံရပိုင်ခွင့်၊ လွတ်လပ်မှုနဲ့ လူမှုဖူလုံရေးအကျိုးခံစားခွင့်တွေကို အလုပ်သမားတွေ ရမယ်ဆိုတာ ရှင်းရှင်းလင်းလင်း ဖော်ပြထားရပါမယ်။ အားလုံး ပွင့်လင်းမြင်သာမှုရှိရမယ်” ဟု ၎င်းက ဆိုသည်။

“အလုပ်ကောင်းရရင် အလုပ်ရှာပေးသူကို ဝန်ဆောင်ခပေးရတာ တန်လိမ့်မယ်။ ကျွန်မလိုမျိုး မကောင်းတဲ့အလုပ်ရရင်တော့ အလုပ်ရှင်က စားဖို့သောက်ဖို့ ပေးမှာမဟုတ်ဘူး။ အစစအရာရာအတွက် ပိုက်ဆံပေးရလိမ့်မယ်။ ဒီမှနေထိုင်စရိတ်က ကြီးတယ်။ ဒီပုံစံနဲ့ဆိုအလုပ်ရှင်ဆီမှာ အကြွေးတင်သွားလိမ့်မယ်” ဟု သူမကပြောသည်။

စည်းမျဉ်းအရမဖြစ်မနေလုပ်ရသော အလုပ်သမားစာချုပ်သည် အကောင်းဆုံး ဖြေရှင်းချက်မဟုတ်ကြောင်း ဘိုကီအိုပြည်နယ် အစိုးရရှေ့နေရုံးမှ တာဝန်ရှိသူတစ်ဦးက RFA သို့ပြောသည်။

“အထူးစီးပွားရေးဇုန်မှာ အလုပ်လုပ်ဖို့ လူကုန်ကူးခံရ၊ စုဆောင်းခံရတဲ့ အမျိုးသမီးနဲ့ အမျိုးသားတွေ အများကြီးရှိတာကြောင့် ကျွန်တော်တို့ အာဏာပိုင်တွေက သူတို့ကို ကူညီကယ်ဆယ်ချင်ပေမယ့် အထူးစီးပွားရေးဇုန်ထဲကို ဝင်ခွင့်မရှိလို့ မလုပ်နိုင်ဘူး။ ကျွန်တော်တို့ရဲ့ စည်းမျဉ်းစည်းကမ်း ဥပဒေတွေက အဲဒီနေရာနဲ့ အကျုံးမဝင်ဘူး” ဟု ၎င်းက ဆိုသည်။

“ပိုမိုကောင်းမွန်သော ဖြေရှင်းချက်ကတော့ စီးပွားရေးဇုန်ကို စောင့်ကြည့်ဖို့နဲ့ လူကုန်ကူးမှုနဲ့ အဓမ္မအလုပ်ခိုင်းစေတာတွေကို နှိမ်နင်းနိုင်ဖို့အတွက် လာအိုရဲတပ်ဖွဲ့နဲ့ အစိုးရနဲ့ ပြင်ပအဖွဲ့အစည်းအသီးသီးကို လာအိုအစိုးရက လုပ်ပိုင်ခွင့်အာဏာပိုပေးအပ်ဖို့ လိုပါတယ်” ဟု အမည်မဖော်လိုသူ အရာရှိက ပြောသည်။

“အခုအချိန်အထိ အထူးစီးပွားရေးဇုန်မှာ အလုပ်သမားတွေအပေါ် အနိုင်ကျင့်မှုတွေကို ဘယ်အစိုးရအေဂျင်စီကမှ စောင့်ကြည့်စစ်ဆေးတာမျိုး မရှိသေးပါဘူး။ အထူးစီးပွားရေးဇုန်ဟာ လူကုန်ကူးမှု၊ အဓမ္မအလုပ်ခိုင်းစေမှုနဲ့ အခြား ဆိုးရွားတဲ့ ရာဇဝတ်မှုတွေနဲ့ပြည့်နေတဲ့ မတားမြစ်နိုင်တဲ့ ဇုန်တစ်ခုဖြစ်လာပါတယ်”” ဟု ၎င်းက ဆိုသည်။

ဖေဖော်ဝါရီလ အစောပိုင်းက လာအိုအထူးစီးပွားရေးဇုန်မှ လာအိုအမျိုးသမီး ၁၉ ဦး ထက်မနည်းကို ရဲတပ်ဖွဲ့က ကယ်ထုတ်နိုင်ခဲ့ပြီး ၎င်းတို့ထဲမှ ၈ ဦးသည် ရဲတပ်ဖွဲ့၏ အကူအညီမရမီ ခြံစည်းရိုးမှ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း RFA က ဖော်ပြခဲ့သည်။ကျန်အမျိုးသမီးများက အထူးစီးပွားရေး ဇုန်အတွင်းသို့ ရဲတပ်ဖွဲ့များ ဝင်လာပြီး ၎င်းတို့အား လွှတ်ပေးနိုင်စေရန် လာအိုအာဏာပိုင်များထံ တိုင်ကြားကာ တရားဝင် အကူအညီတောင်းခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required