အာဆီယံအထူးကိုယ်စားလှယ်၏ မြန်မာနိုင်ငံခရီးစဉ် စစ်အုပ်စုကို ပွပေါက်ဖြစ်စေကာ "အာဆီယံ ဗဟိုပြုမှု" အယူအဆကျရှုံးနေဟု HRW ဝေဖန်

အာဆီယံအထူးကိုယ်စားလှယ်၏ မြန်မာနိုင်ငံခရီးစဉ် စစ်အုပ်စုကို ပွပေါက်ဖြစ်စေကာ "အာဆီယံ ဗဟိုပြုမှု" အယူအဆကျရှုံးနေဟု HRW ဝေဖန်

မတ်လ ၂၂ ရက်

အာဆီယံအထူးကိုယ်စားလှယ်၏ မြန်မာနိုင်ငံခရီးစဉ်သည် စစ်အုပ်စုကို ပွပေါက်တစ်ခုဖြစ်စေကြောင်းနှင့် မြန်မာ့အကြပ်အတည်း၌ “အာဆီယံ ဗဟိုပြုမှု” အယူအဆက ကျရှုံးနေသည်ဟု HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ဝေဖန်ပြောဆိုလိုက်သည်။

"ဘုံသဘောတူညီချက် ငါးချက်ဆိုင်ရာ ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ဆောင်ချက်များအတွက် ရှင်းလင်းပြတ်သားသော သဘောတူညီချက်တစ်ခု သို့မဟုတ် NLD အဆင့်မြင့်ကိုယ်စားလှယ်များ အပါအဝင် သက်ဆိုင်ပတ်သက်သူအားလုံးနှင့် အဓိပ္ပါယ်ရှိသည့် တွေ့ဆုံမှုဆိုင်ရာ ဖြစ်နိုင်ခြေ မရှိဘဲ အာဏာသိမ်းစစ်အုပ်စု အဆင့်မြင့်ကိုယ်စားလှယ်များကို တွေ့ဆုံရန် မြန်မာနိုင်ငံသို့ ကမန်းကတန်း လာရောက်ခြင်းအားဖြင့် အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ခ် ဆော့ခွန်းသည် စစ်အုပ်စုကို အများပြည်သူ ဆက်ဆံရေးဆိုင်ရာ ပွပေါက်တစ်ခု ခွင့်ပြုပေးပြီး ယင်းက မြန်မာအပေါ် ထားရှိနေသည့် အကန့်အသတ်ရှိ ဒေသဆိုင်ရာ ဖိအားပေးမှုအပေါ် ထိခိုက်စေသည်”ဟု HRW အဖွဲ့၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်လည်းဖြစ်သူ ပရက်ခ် ဆော့ခွန်းသည် စက်မှုသိပ္ပံနည်းပညာနှင့်တီထွင်ဆန်းသစ်မှုဝန်ကြီး ချမ်ပရာဆစ်ဒ်ရှ်၊ အာဆီယံအတွင်းရေးမှူးချုပ် လင်ဂျော့ဟွိုင်တို့နှင့်အတူ မတ်လ ၂၁ ရက်မှစ၍ သုံးရက်ကြာခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ရောက်ရှိနေသည်။

အာဆီယံအလှည့်ကျဥက္ကဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်သည် ယနေ့နံနက်တွင် ရန်ကုန်မြို့ရှိ Lotte ဟိုတယ်၌ ပြည်သူ့ပါတီနှင့်တွေ့ဆုံခဲ့သည်။

ယမန်နေ့က အာဏာသိမ်းစစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦး၀ဏ္ဏမောင်လွင်၊ စစ်ကောင်စီအဖွဲ့ဝင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်တို့နှင့်တွေ့ဆုံခဲ့သည်။

နေပြည်တော်တွင် စစ်ကောင်စီဥက္ကဌနှင့်တွေ့ဆုံမှုတွင် အာဆီယံဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်နေသည့်အခြေအနေ၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများရရှိရေး ဆောင်ရွက်နေမှုနှင့် အာဆီယံမှာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအခြေအနေများကို ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်း စစ်ကောင်စီဘက်ကထုတ်ပြန်ချက်တွင်ပါရှိသည်။

သို့သော် ခရီးစဉ်မတိုင်မီက တွေ့ဆုံမည်ဟု သတင်းထွက်နေခဲ့သော သမ္မတဟောင်း ဦးထင်ကျော်၏ဇနီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အရန်ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဒေါ်စုစုလွင်နှင့်တွေ့ဆုံရန်မှာ ပျက်ပြားသွားသည်။ ဒေါ်စုစုလွင်၏ကျန်းမာရေးအခြေအနေကြောင့် မတွေ့ဖြစ်တော့ကြောင်း စစ်အုပ်စု၏ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီ မြန်မာပိုင်းသို့ပြောသည်။

ထို့အပြင် အထူးကိုယ်စားလှယ်၏ခရီးစဉ်အတွင်း NCA လက်မှတ်ထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၀ ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) နှင့် တွေ့ခွင့်ကိုပင် စစ်ကောင်စီက အချိန်မလုံလောက်ဆိုသောအကြောင်းပြချက်ပေးခြင်းကြောင့် တွေ့ခွင့်မရဘဲဖြစ်သည်။

"အာဆီယံ ဥက္ကဋ္ဌအနေဖြင့် တာဝန်ယူစဉ် ကာလအတွင်း ကမ္ဘောဒီးယားအစိုးရသည် မှန်ကန် မျှတစွာ လုပ်ဆောင်ထားခြင်းမရှိဘဲ အာဏာသိမ်းစစ်အုပ်စုဘက်ကို ရှင်းရှင်းလင်းလင်း တိမ်းနေပြီး အကျဉ်းချခံ NLD နိုင်ငံရေးသမားများနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများ တက်ကြွလှုပ်ရှားသူများကို ထိခိုက်နစ်နာစေလျက်ရှိသည်" ဟု HRW ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

"မြန်မာ စစ်ဗိုလ်ချုပ်ကြီးများထံမှ ခက်ခဲသော ရွေးချယ်မှုများကို တောင်းဆိုမည့် စစ်မှန်သော နိုင်ငံရေး ကတိကဝတ်တစ်ခု ကင်းမဲ့နေမှုအပေါ် အခြေတည်ရင်း မြန်မာ့အကြပ်အတည်း၌ “အာဆီယံ ဗဟိုပြုမှု” အယူအဆက မည်သည့်အတွက်ကြောင့် ကျရှုံးနေသလဲ ဆိုသည်ကို ပရက်ခ် ဆော့ခွန်း၏ မစ်ရှင်က ပြသနေသည်" ဟုလည်း ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required