ရုရှားက ယူကရိန်းစစ်ပွဲကို ရပ်တန့်စေရန် တရုတ်က တားမြစ်ရမည့် တာဝန်ရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

ရုရှားက ယူကရိန်းစစ်ပွဲကို ရပ်တန့်စေရန် တရုတ်က တားမြစ်ရမည့် တာဝန်ရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းအား တိုက်ခိုက်နေသည့် စစ်ပွဲကို ရပ်တန့်စေရန် တရုတ်အစိုးရအနေဖြင့် ၎င်းအပေါ် ဩဇာညောင်းသောကြောင့် တားမြစ်ရန် တာဝန်ရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က မတ် ၁၇ ရက်တွင် ပြောကြားသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် တရုတ်သမ္မတရှီကျင့်ဖျင်တို့ မတ် ၁၈ ရက်၌ ဖုန်းပြောခြင်းမပြုမီ ထွက်ပေါ်လာသည့် ဘလင်ကန်၏ ပြောကြားချက်ကို CNN သတင်းဌာနက ပြောကြားခဲ့သည်။

“နိုင်ငံအားလုံး အထူးသဖြင့် ရုရှားအပေါ် တိုက်ရိုက် ဩဇာညောင်းတဲ့ နိုင်ငံတွေက စစ်ပွဲကို ရပ်ဖို့ တိုက်တွန်းစေလိုပါတယ်။ အထူးသဖြင့် တရုတ်အစိုးရက သမ္မတပူတင်အပေါ် ဩဇာညောင်းတယ်လို့ ယုံကြည်ထားတာကြောင့် နိုင်ငံတကာ စံနှုန်းနဲ့ စည်းမျည်းတွေကို ကာကွယ်စောင့်ရှောက်ဖို့ ပါဝင်ကူညီဖို့ လိုပါတယ်” ဟု ဘလင်ကန်က ပြောသည်။

“ဒီကျူးကျော်မှုကို ကန့်ကွက်ရှုတ်ချဖို့ တရုတ်က မလုပ်ဘဲ ကြားနေပုံစံ လုပ်နေပါတယ်။ ယူကရိန်းကို တိုက်ခိုက်ရာမှာ လိုအပ်တဲ့ စစ်လက်နက်ပစ္စည်းတွေကို တရုတ်က တိုက်ရိုက် ကူညီပံ့ပိုးပေးဖို့ စဉ်းစားနေမှာကို စိုးရိမ်ပါတယ်။ သမ္မတဘိုင်ဒင်က မနက်ဖြန်ကျရင် သမ္မတရှီနဲ့ စကားပြောပါလိမ့်မယ်။ ရုရှားရဲ့ ကျူးကျော်မှုကို ထောက်ပံ့တဲ့ လုပ်ဆောင်ချက်မှန်သမျှအတွက် တရုတ်က တာဝန်ယူ ပေးဆပ်ရပါလိမ့်မယ်” ဟု ပြောကြားသည်။

တရုတ်နှင့် ရုရှားတို့အကြား မဟာဗျူဟာမြောက် ဆက်ဆံရေးများစွာ ရှိထားသလို သမ္မတဗလာဒီမာပူတင် ယူကရိန်းကို မကျူးကျော်မီ ဥက္ကဋ္ဌရှိကျင့်ဖျင်အနေဖြင့် သိသင့်သလောက် သိထားသည်။

တရုတ်အနေဖြင့် ယခုစစ်ပွဲတွင် ကြားနေနိုင်ငံအဖြစ် ပုံဖော်ရန် ခက်ခဲစွာ ကြိုးပမ်းနေရသော်လည်း ခက်ခဲသည့် အခြေအနေတစ်ရပ်တွင် ယင်းကဲ့သို့ လုပ်ဆောင်နိုင်ခြင်းမရှိပေ။

ယူကရိန်းတွင် အမေရိကန်၏ ဇီဝလက်နက်ဓာတ်ခွဲခန်းများရှိကြောင်း ရုရှား၏ အခြေအမြစ်မရှိ ပြောဆိုချက်ကို တရုတ်အာဏာပိုင်များကလည်း လက်လွတ်စပယ် ပြောဆိုလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly