ကလေးမြို့နယ်တွင် စစ်ကောင်စီတပ်က CNDF တပ်ဖွဲ့ဝင်ကို ဖမ်းဆီးသတ်ဖြတ်ဟုဆို

ကလေးမြို့နယ်တွင် စစ်ကောင်စီတပ်က CNDF တပ်ဖွဲ့ဝင်ကို ဖမ်းဆီးသတ်ဖြတ်ဟုဆို

မတ်လ ၁၉ ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ စည်သာကျေးရွာအနီးတွင် စစ်ကောင်စီတပ်က ခေါ်ဆောင်သွားသည့် CNDF တပ်ဖွဲ့ဝင်တစ်ဦး သတ်ဖြတ်ခံလိုက်ရကြောင်း ချင်းအမျိုးသားကာကွယ် ရေးတပ်ဖွဲ့( CNDF)က  ယမန်နေ့ မတ်လ ၁၈ရက်တွင် ထုတ်ပြန်ထားသည်။

“ သူသင်တန်းလာတက်တော့ ခင်ဗျားအသက်ကြီးနေပြီ မရတော့ဘူးလို့ပြောတော့ သူက စစ်အာဏာရှင်ကို တော်လှန်တာ ရှေ့တန်းသွားမှမဟုတ်ဘူး။ ကျွန်တော့် အသက်အရွယ်နဲ့  ဖိုကြီး(ရဲဘော်များအတွက် ချက်ပြုတ်ပေးသူ)

တာဝန်ယူပေးမယ့် နောက်တန်းက လိုအပ်တာမှန်သမျှ ကျွန်တော်လုပ်ပေးမယ်။ အဲဒီလိုပြောခဲ့တဲ့အတိုင်း ညနက်သန်းခေါင် အချိန်မရွေး ရဲဘော်တွေအတွက် အလုပ်လုပ်ပေးတယ် ။ တကယ့်ကို တာဝန်ကျေတဲ့ ရဲဘော် တစ်ယောက်ပါ” ဟု CNDF ပြောရေးဆိုခွင့်ရှိသူက မဇ္ဈိမကို ပြောသည်။

မတ်လ ၁၅ရက်က  ဆလိုင်း ငွန်သင်းမှုန် (Salai Ngun Tin Hmung) အသက် (၄၅) နှစ်အား စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး ၎င်း၏ရုပ်အလောင်းကို မတ်လ ၁၈ ရက် ထောက်ကြံ့ရွာအနီး လမ်းဘေးတစ်နေရာတွင် တွေ့ရှိခဲ့ရ ခြင်းဖြစ်သည်။

ဆလိုင်း ငွန်သင်းမှုန် တော်လှန်ရေး တာဝန်ထမ်းဆောင်ခဲ့ချိန်အတွင်း  ၎င်း၏ ဇနီးသည် ၉၆ ပါးသောရောဂါဖြင့် ဆုံးပါးခဲ့ရပြီး အသက် ကိုးနှစ်အရွယ် သမီးတစ်ယောက်ကျန်ရစ်ခဲ့သည်။  ထို့ကြောင့် သမီးဖြစ်သူကိုသာ စောင့်ရှောက်ရန် တော်လှန်ရေးရဲဘော်များက ၎င်းအား ပြောဆိုခဲ့သော်လည်း တော်လှန်ရေးတွင် ဆက်လက်ပါဝင်ခဲ့သူဖြစ်ကြောင်း သိရသည်။

 ရဲဘော်ဆလိုင်း ငွန်သင်းမှုန်၏ ပေးဆပ်မှုအတွက် လေးစားဂါရဝပြုကြောင်းနှင့် မိသားစုနှင့် ထပ်တူဝမ်းနည်းကြေကွဲမိပါကြောင်း CNDFပြောခွင့်ရသူက ပြောသည်။

ပေးဆပ်မှုများနှင့် ယုံကြည်ချက်များအား ဘယ်သောအခါမျှ မမေ့မလျော့ဘဲ အကြမ်း ဖက်စစ်ကောင်စီနှင့် စစ်အာဏာရှင်အား အမြစ်ပြတ် ဆန့်ကျင်တော်လှန်ပြီး အဆုံးထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကျဆုံးအာဇာနည်များနှင့် သင်၏အမည်ကို တိုင်တည်၍ သစ္စာပြုပါကြောင်း CNO/CNDF ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြသည်။

မတ်လ ၁၅ရက်ကလည်း ကလေးမြို့အကျဉ်းထောင်တွင် စစ်ကောင်စီတပ်များ၏ ပစ်ခတ်မှုကြောင့် CNDFရဲဘော်တစ်ဦးဖြစ်သည့် အသက် ၂၉ နှစ် အရွယ် ဆလိုင်း ရှလွန် ရှန်းထန်းလျန် (ခ) ဗန်ဒိန်း Salai Shalom Siang Thang Lian (ခ) Van Dam သေဆုံးသွားပြီးနှင့် မတ်လ ၁၇ရက်နေ့တွင် CNDFရဲဘော် အသက် ၂၃နှစ်အရွယ် ဆလိုင်း လားရိုပွီး (ခ) ပွီးယာ သည်ဖလမ်းမြို ရိခေါ်ဒါ တိုက်ပွဲတွင်  ကျဆုံးသွားကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required