ရုရှားက လျှော့ဈေးဖြင့် ကမ်းလှမ်းထားသည့် ရေနံများကို အိန္ဒိယက ဝယ်ယူခြင်းသည် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုကို ချိုးဖောက်ခြင်းမဟုတ်ကြောင်း အိမ်ဖြူတော် ထုတ်ပြန်

ရုရှားက လျှော့ဈေးဖြင့် ကမ်းလှမ်းထားသည့် ရေနံများကို အိန္ဒိယက ဝယ်ယူခြင်းသည် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုကို ချိုးဖောက်ခြင်းမဟုတ်ကြောင်း အိမ်ဖြူတော် ထုတ်ပြန်

ရုရှားက လျှော့ဈေးဖြင့် ကမ်းလှမ်းထားသည့် ရေနံများကို ဝယ်ယူခြင်းသည် အိန္ဒိယက ပိတ်ဆို့အရေးယူမှုများကို ချိုးဖောက်ခြင်းမဟုတ်ကြောင်း အမေရိကန် အိမ်ဖြူတော် သတင်းထုတ်ပြန်ရေးအဖွဲ့အကြီးအကဲ ယန်ပီဆာကီက မတ် ၁၅ ရက်တွင် ပြောကြားလိုက်သည်။

“အမေရိကန်က ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို သက်ဆိုင်ရာ နိုင်ငံတွေက လိုက်နာဖို့ လိုကြောင်း ပြောကြားလိုပါတယ်။ ရုရှားက လျှော့ဈေးနဲ့ ကမ်းလှမ်းထားတဲ့ ရေနံတွေကို အိန္ဒိယက ဝယ်ယူခြင်းဟာ

အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုတွေကို ချိုးဖောက်ခြင်းမဟုတ်ပေမယ့် သမိုင်းမှတ်တမ်းရေးထိုးတဲ့အခါ ဘယ်ဘက်က ရပ်တည်သလဲဆိုတာကို စဉ်းစားဖို့လဲ လိုပါတယ်။ ရုရှားခေါင်းဆောင်တွေကို ထောက်ခံခြင်းဟာ ပျက်စီးထိခိုက်မှုတွေ ဖြစ်စေတဲ့ ကျူးကျော်မှုကို ထောက်ခံခြင်းပဲ ဖြစ်ပါတယ်” ဟု ပီဆာကီက ပြောကြားသည်။

ရုရှားက ယူကရိန်းအား ကျူးကျော်ခြင်းအပေါ် အိန္ဒိယက ထောက်ခံခြင်း မရှိသေးသလို ပြဿနာကို ဆွေးနွေးခြင်းဖြင့် ဖြေရှင်းရန် တစ်စိုက်မတ်မတ် တောင်းဆိုခဲ့သော်လည်း ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်တွင် ပါဝင်ခဲ့ခြင်းမရှိပေ။

အိန္ဒိယ၏ အခြေအနေကို နားလည်ကြောင်းနှင့် ၎င်း၏ နိုင်ငံတော်လုံခြုံရေးအတွက် ရုရှား စစ်လက်နက်ပစ္စည်းများအပေါ်တွင် အဓိက အားထားနေရကြောင်း သမ္မတဂျိုးဘိုင်ဒင်အစိုးရ တာဝန်ရှိသူများက လွှတ်တော်အမတ်များကို ပြောကြားခဲ့သည်။

သို့သော် အိန္ဒိယ-အမေရိကန် လွှတ်တော်အမတ် ဒေါက်တာအာမီဘီရာက အိန္ဒိယအနေဖြင့် ရုရှားက မတန်တဆလျှော့ဈေးဖြင့် ကမ်းလှမ်းထားသည့် ရေနံများကို ဝယ်ယူရန် စဉ်းစားနေသည့် သတင်းများနှင့် ပတ်သက်၍ စိတ်ပျက်ကြောင်း ပြောကြားခဲ့သည်။

“ဒီသတင်းတွေသာ မှန်ကန်ပြီး အိန္ဒိယက ရုရှားဆီကနေ ရေနံတွေကို လျှော့ဈေးနဲ့ ဝယ်မယ်ဆိုရင် အိန္ဒိယအစိုးရအနေနဲ့ ဗလာဒီမာပူတင်ဘက်က ရပ်တည်တာပဲ ဖြစ်ပါတယ်။ ဒီအချိန်မှာ ကမ္ဘာ့နိုင်ငံအားလုံးက ယူကရိန်းပြည်သူတွေဘက်နေ ရပ်တည်ပြီး ရုရှားရဲ့ ကျူးကျော်မှုကို ဆန့်ကျင်နေကြချိန် ဖြစ်ပါတယ်” ဟု လည်း ၎င်းက ပြောကြားသည်။

“ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သလို Quad အဖွဲ့ရဲ့ ခေါင်းဆောင်နိုင်ငံလည်း ဖြစ်တာကြောင့် အိန္ဒိယအနေနဲ့ မိမိတို့ လုပ်ရပ်ဟာ ပူတင်နဲ့ သူ့ရဲ့ကျူးကျော်မှုကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်တဲ့နည်းနဲ့ ထောက်ခံသလို မဖြစ်အောင် လုပ်ဖို့ တာဝန်ရှိပါတယ်” ဟု ဘီရာက ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly