အိန္ဒိယက ပါကစ္စတန်အတွင်း ဒုံးကျည်မှားယွင်း ပစ်ခတ်မှုအပေါ် စုံစမ်းမှုများ လုပ်ဆောင်နေ

အိန္ဒိယက ပါကစ္စတန်အတွင်း ဒုံးကျည်မှားယွင်း ပစ်ခတ်မှုအပေါ် စုံစမ်းမှုများ လုပ်ဆောင်နေ

ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ပါကစ္စတန်နိုင်ငံအတွင်းသို့ Brahmos ဒုံးကျည် မှားယွင်းစွာ ပစ်ခတ်ခဲ့ခြင်းနှင့် ပတ်သက်၍ ကိုင်တွယ်ဆောင်ရွက်မှုလုပ်ငန်းစဉ် (SOP) ကို ပြန်လည်သုံးသပ်ကာ ယင်းဖြစ်ရပ် နောက်ကွယ်ရှိ အကြောင်းရင်းကို အကြီးတန်းအရာရှိများက စုံစမ်းမှုများ လုပ်ဆောင်နေကြောင်း အိန္ဒိယ ကာကွယ်ရေးဝန်ကြီး ရာဂျနက်ဆင်းက ပြောကြားသည်။

ဒုံးကျည်အား စစ်ဆေးစဉ်အတွင်း မတော်တဆ လွတ်ထွက်သွားခြင်း ဖြစ်ကြောင်း ဝန်ကြီးက ပါလီမန်သို့ ပြောကြားခဲ့သည်။ “ပုံမှန် ထိန်းသိမ်း စစ်ဆေးနေစဉ်အတွင်းမှာ ဒုံးကျည်ဟာ ည ၇ နာရီလောက်မှ မတော်တဆ လွတ်ထွက်သွားခြင်း ဖြစ်ပါတယ်။ ပါကစ္စတန်ရဲ့ ပိုင်နက်ထဲကို ရောက်သွားကြောင်း နောက်ပိုင်းမှာ သိခဲ့ရပါတယ်” ဟု ဝန်ကြီးက ပြောကြားသည်။

အမ်ဘာလာဒေသအနီး Brahmos ဒုံးကျည် ပစ်ခတ်လေ့ကျင့်မှုများကို ပြန်လည်သုံးသပ် စစ်ဆေးနေချိန်အတွင်း ယခုကဲ့သို့ ဒုံးကျည်ထွက်သွားခြင်းဖြစ်ကြောင်း၊ အိန္ဒိယခေါင်းဆောင်များအကြား များစွာ စိုးရိမ်သွားခဲ့ပြီး ပြန်လည် စစ်ဆေးမှုများကို လုပ်ဆောင်နေကြောင်း သတင်းရင်းမြစ်များက ပြောကြားသည်။

“အခုလို ဒုံးကျည်လွတ်ထွက်သွားပေမယ့် ဘယ်သူမှ ထိခိုက်မှုမဖြစ်လို့ တော်ပါသေးတယ်။ အစိုးရက ဒီဖြစ်စဉ်ကို အလေးထား စုံစမ်းစစ်ဆေးနေပါတယ်” ဟု ဝန်ကြီးက ပါလီမန်သို့ ပြောကြားသည်။

ချို့ယွင်းချက်တစ်စုံတစ်ရာ တွေ့ရှိခဲ့ပါက ချက်ခြင်း ပြုပြင်သွားမည်ဖြစ်ကြောင်းနှင့် မိမိတို့၏ ဒုံးကျည်စနစ်သည် အန္တရာယ်ကင်းကြောင်းလည်း ၎င်းက လွှတ်တော်သို့ ပြောကြားသည်။

“မိမိတို့ လက်နက်စနစ်တွေရဲ့ ဘေးကင်းလုံခြုံမှုကို အထူး ဦးစားပေးထားပါတယ်။ ချို့ယွင်းချက် တစ်စုံတစ်ရာ တွေ့ခဲ့ရင် ချက်ခြင်းပြုပြင်သွားပါမယ်။ ဒီ ဒုံးကျည်စနစ်ဟာ စိတ်ချ ဘေးကင်းကြောင်း လွှတ်တော်ကို တင်ပြလိုပါတယ်” ဟုလည်း ဝန်ကြီးက ပြောကြားခဲ့သည်။

ကိုင်တွယ်ပြုပြင် စစ်ဆေးမှုများနှင့် ပတ်သက်သည့် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို ပြန်လည်သုံးသပ်ထားပြီး ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly