ကုလသမဂ္ဂလူ့အခွင့်အရေးအကြီးအကဲကို ရှင်ကျန်းသို့ အနှောင့်အယှက်မရှိ ဝင်ခွင့်ပြုရန် အမေရိကန်တောင်းဆို

ကုလသမဂ္ဂလူ့အခွင့်အရေးအကြီးအကဲကို ရှင်ကျန်းသို့ အနှောင့်အယှက်မရှိ ဝင်ခွင့်ပြုရန် အမေရိကန်တောင်းဆို

ကုလသမဂ္ဂလူ့အခွင့်အရေးအကြီးအကဲ မီရှဲလ်ဘက်ချ်လက်၏ ယခုနှစ် မေလခရီးစဉ်အတွင်းတွင် ရှင်ကျန်းဒေသအားလုံးသို့ အတားအဆီးမဲ့ချုပ်ခြယ်မှုမရှိဘဲ ဝင်ရောက်ခွင့်ပြုရန် အမေရိကန်က တရုတ်အား တောင်းဆိုလိုက်သည်။

ဘက်ချ်လက်သည် တရုတ်အစိုးရနှင့် သဘောတူညီမှု ရရှိပြီးနောက် မေလတွင် တရုတ်နိုင်ငံသို့ သွားရောက်ရန် စီစဉ်ထားကြောင်း ယခုသီတင်းပတ်က ကြေညာခဲ့သည်။ "ရှင်ကျန်းကို သွားရောက်လိုတဲ့ မဟာမင်းကြီး မီရှဲလ်ဘက်ချ်လက်ရဲ့ ရည်ရွယ်ချက်ကို အမေရိကန်က သိရှိနားလည်ပါတယ်။ သူ့မရဲ့ခရီးစဉ်မှာ ရှင်ကျန်းဒေသအားလုံးဆီ အဟန့်အတားမဲ့ ဝင်ရောက်နိုင်ဖို့နဲ့ ဝီဂါပုဂ္ဂိုလ်တွေနဲ့ အရပ်ဘက်အဖွဲ့အစည်းအားလုံးနဲ့ သီးသန့်တွေ့ဆုံနိုင်စေဖို့ တရုတ်ကို တောင်းဆိုပါတယ်” ဟု ကုလသမဂ္ဂဆိုင်ရာ အမေရိကန်အမြဲတမ်းကိုယ်စားလှယ် ရှီဘာခရော့ကာက ပြောသည်။

ယုံကြည်စိတ်ချရသောခရီးစဉ်တွင် အဓမ္မအလုပ်ခိုင်းစေမှုအပါအဝင် ရက်စက်ကြမ်းကြုတ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ညှင်းပန်းနှိပ်စက်မှုများရှိသည့်နေရာများသို့ ဝင်ရောက်ကြည့်ရှုခွင့် ပါဝင်သင့်ပြီး ခရီးစဉ်၏တွေ့ရှိချက်များကို အချိန်နှင့်တစ်ပြေးညီ ပွင့်ပွင့်လင်းလင်းနှင့် ပြီးပြည့်စုံသော အစီရင်ခံချက်ဖြင့် ထုတ်ပြန်သင့်ကြောင်း ခရော့ကာက ပြောသည်။

မတ်လ ၈ ရက်တွင် လူ့အခွင့်အရေးအဖွဲ့ ၂၀၀ ခန့်က တရုတ်နိုင်ငံ ရှင်ကျန်းပြည်နယ်ရှိ အခွင့်အရေးအခြေအနေများနှင့် ပတ်သက်သည့် ကာလရှည်ကြာ ရွှေ့ဆိုင်းထားသော အစီရင်ခံစာကို ထုတ်ပြန်ပေးရန် ဘက်ချ်လက်ရုံးအား တောင်းဆိုခဲ့သည်။

ကုလသမဂ္ဂလူ့အခွင့်အရေးရုံးသည် ကာလကြာရှည်စောင့်ဆိုင်းခဲ့ရသော ရှင်ကျန်းဒေသဆိုင်ရာ အစီရင်ခံစာကို ထုတ်ပြန်ခြင်းမပြုသေးသဖြင့် လူ့အခွင့်အရေးအဖွဲ့များက စိုးရိမ်မှုများ တိုးလာကြောင်း HRW အမှုဆောင်ဒါရိုက်တာ ကန်းနက်ရော့သ်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံကလည်း ကုလသမဂ္ဂလူ့အခွင့်အရေးအကြီးအကဲ၏ခရီးစဉ်ကို မှတ်ချက်တစ်စုံတစ်ရာမပြုဘဲ ကြိုဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly