ပါကစ္စတန်တွင် ၂ လ အတွင်း ဖြစ်ပွားသည့် တိုက်ခိုက်မှုများ၌ ရဲ ၁၄ ဦး သေဆုံးပြီး ၂၄ ဦး ဒဏ်ရာရ

ပါကစ္စတန်တွင် ၂ လ အတွင်း ဖြစ်ပွားသည့် တိုက်ခိုက်မှုများ၌ ရဲ ၁၄ ဦး သေဆုံးပြီး ၂၄ ဦး ဒဏ်ရာရ

ပါကစ္စတန်နိုင်ငံ ခိုင်ဘာ ပက်ခ်တွန်ခဝါ ပြည်နယ်တွင် ပြီးခဲ့သည့် နှစ်လအတွင်း ရဲများကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုဖြစ်စဉ်များအတွင်း ရဲ ၁၄ ဦးထက်မနည်း သေဆုံးပြီး အခြား ၂၄ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း Dawn သတင်းစာက ဖော်ပြသည်။

ခိုင်ဘာ ပက်ခ်တွန်ခဝါ ပြည်နယ်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ရှေ့နေ မိုဟာမက် အလီ ဆာအစ်ဖ်က မတ်လ ၁၀ ရက်တွင် တရားဥပဒေစိုးမိုးရေးအခြေအနေနှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့ရာတွင် ပြည်နယ်၏ ခရိုင်ဒေသအချို့၌ ရဲဝန်ထမ်းများကို ပစ်မှတ်ထားသည့် တိုက်ခိုက်ခဲ့သည်ဟု ပြောကြားခဲ့သည်။

ဒီရာ အစ္စမေးလ်ခန်နှင့် ကိုဟက်ခရိုင်တို့တွင် ပိုလီယိုကာကွယ်ဆေးထိုးအဖွဲ့များအပေါ် တိုက်ခိုက်မှုများအတွင်း ရဲနှစ်ဦး သေဆုံးခဲ့ကြောင်း အလီ ဆာအစ်ဖ်က ပြောသည်။ ထို့ပြင် ပက်ရှာဝါမြို့တွင် ရဲနှစ်ဦး၊ မာဒန်မြို့တွင် သုံးဦး၊ ဟာဇာရာဒေသတွင် တစ်ဦး၊ ကိုဟက်ခရိုင်တွင် လေးဦးနှင့် ဘန်နူးမြို့တွင် သုံးဦး အသီးသီး အသက်ဆုံးရှုံးခဲ့ကြောင်း ၎င်းက ပြောသည်။

ထို့ပြင် ပြည်နယ်၏ မြို့တော်တွင် ရဲ ၁ဦး၊ မာဒန်မြို့တွင် ၁ဦး၊ ဟာဇာရာဒေသတွင် ၃ ဦး၊ ဘန်နူးမြို့တွင် ၂ ဦး နှင့် ဒီရာအစ္စမေးလ်ခန်ခရိုင်တွင် ၁၀ ဦး တို့ အသီးသီး ထိခိုက်ဒဏ်ရာများ ရခဲ့ကြောင်း ၎င်းက ပြောသည်။

ထို့ပြင် ကူးချာ ရစ်လေဒါ ဗလီ တိုက်ခိုက်မှုတွင် ပါဝင်ကူညီခဲ့သူ ၃ ဦးသည်လည်း မတ်လ ၇ ရက် ညပိုင်းက ခိုင်ဘာ မျိုးနွယ်စု ခရိုင်တွင် ထိပ်တိုက်တွေ့မှုတစ်ခုအတွင်း သေဆုံးခဲ့ကြောင်း ဆာအစ်ဖ်က ပြောကြားသည်။

ပထမဆုံး၂လအတွင်း ပြည်နယ်တွင် လူသတ်မှုပေါင်း ၄၃၈ ခုအထိ ဖြစ်ပွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly