ကန်ပက်လက်မြို့နယ် တိုက်ပွဲတွင် CDF – Kanpetlet တပ်မဟာဌာနချုပ် လက်လွှတ်လိုက်ရ

ကန်ပက်လက်မြို့နယ် တိုက်ပွဲတွင် CDF – Kanpetlet တပ်မဟာဌာနချုပ် လက်လွှတ်လိုက်ရ

မတ်လ ၁၆ ရက်

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်တွင် ယမန်နေ့ မတ်လ ၁၅ရက်နေ့က CDF – Kanpetlet တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွါးရာ CDF – Kanpetletတပ်မဟာဌာနချုပ်လက်လွှတ်လိုက်ရကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၇ ရက်နေ့မှစ၍ ယနေ့မတ်လ ၁၆ ရက်နေ့အထိ စစ်ကောင်စီတပ်ဖွဲ့နှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွါးနေကြောင်း၊ ယမန်နေ့က တိုက်ပွဲတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့၏ တပ်မဟာဌာနချုပ်ကို ယာယီစွန့်လွှတ်လိုက်ရကြောင်း CDF – Kanpetlet က ယနေ့ မတ်လ ၁၆ရက်နေ့တွင်ထုတ်ပြန်သည်။

မတ်လ ၁၅ရက်နေ့ နံနက် ၈နာရီမှ ညနေ ၃နာရီအထိ စမ္မသားရွာဟောင်း အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ အထိအခိုက်အကျဆုံးအားမသိရသေးပေ။

အဆိုပါတိုက်ပွဲတွင် CDF – Kanpetletက တပ်သား တစ်ဦးကျဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းတိုက်ပွဲကို CDF – Kanpetlet နှင့်အတူ CDF – Mindat ၊ ယောဒေသကာကွယ်ရေးတပ်ဖွဲ့ The Youth Force နှင့် Saw – PDF ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းဆိုသည်။

CDF – Kanpetlet ဖက်မှ ကျည်မလုံလောက်ခြင်း ၊လက်နက်အင်အားမမျှခြင်း ၊ ကျေးရွာအတွင်းရှိပြည်သူများ ထိခိုက်ဒဏ်ရာရမည့်အရေးရှေ့ရှုခြင်းနှင့် သာလွန် အင်အားဖြင့် ထိုးစစ်ဆင်ခံရသည့် အခြေအနေများကြောင့် ၄တို့တပ်မဟာဌာနချုပ်အား ယာယီစွန့်လွှတ်လိုက်ရကြောင်း ဖော်ပြသည်။

တိုက်ပွဲအတွင်း မင်းတပ်မြို့တွင် အထိုင်ချထားသောစစ်ကောင်စီ၏ ခ.လ.ရ ၂၇၄ နှင့် ကျောက်ထု အမြောက်တပ်တို့မှ လက်နက်ကြီးများနှင့် ပစ်ခတ်သောကြောင့် စမ္မသားရွာဟောင်းရှိ လူနေအိမ် ကိုးလုံး လက်နက်ကြီးထိမှန်မီးလောင်ပျက်စီဝးခဲ့ကြောင်း သိရသည်။

မတ်လ ၁၁ရက်နေ့တွင် ကန်ပက်လက်မြို့မှ အင်အား ၂၀၀ခန့်ဖြင့် စစ်ကောင်စီတပ်ဖွဲ့က CDF – Kanpetlet ၏ တပ်မဟာဌာနချုပ်ဖက်သို့ ဦးတည် စစ်ကြောင်း ထိုးလာပြီး ရဲလောင်ပန်းရွာအထက်နား ပန်းတောင်ကျောတွင် ထိတွေ တိုက်ပွဲဖြစ် ပွားခဲ့ရာ စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးပြီး CDF – Kanpetlet ဖက်မှ အထိ အခိုက်မရှိကြောင်းဆိုသည်။

မတ်လ ၁၃ရက်နေ့တွင်လည်း ငုံလောင်းရွာမြောက်ဖက် အမ်ပုံရွာအထက် ပိုင်းတွင် တပ်ဖျောက်ထားသော စစ်ကောင်စီတပ်ဖွဲ့ကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ တောနင်းရှာဖွေစဉ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးကာ CDF – Kanpetlet မှ ရဲဘော်နှစ်ဦး ဒဏ်ရာရခဲ့ကြောင်းသိရသည်။

မတ်လ ၁၄ရက်တွင်လည်း ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဖက်မှ အထိခိုက် အကျဆုံး မသိရှိရကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ယခုကဲ့သို့ တိုက်ပွဲများဆက်တိုက်ဖြစ်ပွားလျက်ရှိနေသောကြောင့် ပြည်တွင်းပြည်ပရှိ မိဘ ပြည်သူများနှင့် တော်လှန်ရေးထောက်ပို့တပ်များအနေဖြင့် လက်နက်အင်အား ၊ ကျည်အင်အား ဖြည့်တင်းနိုင်ရေးအတွက် အထူးအာရုံစိုက်ကူညီထောက်ပံ့ပေးကြရန် အကူအညီတောင်းခံပါကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required