စစ်ရေးလေ့ကျင့်မှုအတွက် ရုရှနယ်စပ် နော်ဝေသို့ နေတိုးက တပ်အင်အားများ စေလွှတ် 

စစ်ရေးလေ့ကျင့်မှုအတွက် ရုရှနယ်စပ် နော်ဝေသို့ နေတိုးက တပ်အင်အားများ စေလွှတ် 
Photo - Daily Mail

မတ်လ ၁၆ ရက်

နေတိုးအုပ်စုသည် ရုရှနယ်စပ် နော်ဝေသို့ တော်ဝင်ကမ်းတက်တပ်ဖွဲ့၊ လေယာဉ်တင်သင်္ဘောတစ်စင်း၊ ဖျက်သင်္ဘောတစ်စင်းနှင့် နျူကလီးယားစွမ်းအင်သုံး တိုက်ခိုက်ရေး ရေငုပ်သင်္ဘောအပါအဝင် တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာကို စေလွှတ်ပြီဖြစ်သည်။ 

နော်ဝေမြောက်ပိုင်းတွင် တနင်္လာနေ့က စတင်သည့် တစ်လကြာ စစ်ရေးလေ့ကျင့်မှုအတွက် ဥရောပနှင့် မြောက်အမေရိက နိုင်ငံ ၂၈ နိုင်ငံမှ တပ်ဖွဲ့ဝင်များ ပါဝင်စစ်ရေးလေ့ကျင့်ခြင်း ဖြစ်သည်။ 

နေတိုးအဖွဲ့ဝင် နော်ဝေသည် ရုရှနှင့် ကုန်းမြေချင်း ကီလိုမီတာ ၂၀၀ နီးပါး ထိစပ်လျက် ရှိသည်။ 

ဗလာဒီမာ ပူတင်၏ တပ်ဖွဲ့ဝင်များ ယူကရိန်းအား ဆက်လက်စစ်ဆင်နွှဲနေစဉ် Cold Response ဟု အမည်ပေးထားသော ယခု စစ်ရေးလေ့ကျင့်မှုသည် ရုရှနယ်စပ်မှ ကီလိုမီတာ ရာဂဏန်း အနည်းငယ်အကွာတွင် ဖြစ်သည်။ 

တပ်ဖွဲ့ဝင်အင်အား ၃၅၀၀၀ နီးပါး၊ လေယာဉ် စင်းရေ ၂၀၀ နှင့် ရေယာဉ် အစီး ၅၀ တို့က Cold Response စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်သည်။ စစ်ရေးလေ့ကျင့်မှု၌ ဗြိတိန်၏ ပါဝင်မှုကို တော်ဝင်ကမ်းတက်တပ်ဖွဲ့ဝင် ၉၀၀ နီးပါးက ဦးဆောင်မည် ဖြစ်သည်။ 

HMS Albion သင်္ဘောမှ ကုန်းရေနှစ်သွယ်လုပ်ငန်းစဉ်တပ်ဖွဲ့သည် နော်ဝေကမ်းရိုးတန်းတစ်လျှောက် စီးနင်းမှုများ ပြုလုပ်သွားမည် ဖြစ်သည်။ 

လေယာဉ်တင်သင်္ဘော HMS Prince of Wales လည်း စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ပြီး ဖရီးဂိတ်သင်္ဘော HMS Richmond၊ Type 45 ဖျက်သင်္ဘော HMS Defender၊ Royal Fleet Auxiliary စစ်သင်္ဘောနှင့် နျူကလီးယားစွမ်းအင်သုံး တိုက်ခိုက်ရေး ရေငုပ်သင်္ဘောတို့က ပူးပေါင်းပါဝင်ကာ လေယာဉ်တင်သင်္ဘောကို ဝိုင်းရံမည် ဖြစ်သည်။ 

ယခု စစ်ရေးလေ့ကျင့်မှုသည် ခေတ်သစ် ရန်ဘက်မှ နော်ဝေနှင့် ဥရောပမြောက်ပိုင်းကို စည်းလုံးသော နိုင်ငံပေါင်းစုံအဖွဲ့က မည်သို့ကာကွယ်သွားမည်ဆိုခြင်းအား ပြသရန် ရည်ရွယ်သည်။ 

စစ်ရေးလေ့ကျင့်မှု၌ ဗြိတိန်၏ ပါဝင်မှုသည် ဥရောပ လုံခြုံရေး၌ ဗြိတိန်၏ ကတိကဝတ်များကို ထင်ရှားစေခြင်းဖြစ်သကဲ့သို့ နေတိုးမဟာမိတ်နှင့် မိတ်ဖက်များကြား ပို၍ ရင်းနှီးမှု ခိုင်မြဲစေခြင်းအတွက်ပဲ ဖြစ်သည်။ 

“နှစ်အတော်ကြာမှာ အကြီးဆုံး Cold Response စစ်ရေးလေ့ကျင့်မှုတွေက တစ်ခုမှာ ဗြိတိန်ဟာ ထဲထဲဝင်ဝင် ပါဝင်နေတာပဲ ဖြစ်ပါတယ်”ဟု ဗြိတိန် ကွန်မန်ဒိုတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးချုပ် ရစ် ကန်ထရေးက ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly