ယူကရိန်းကို ထောက်ခံကြောင်း ပြသမှုအဖြစ် အီးယူအဖွဲ့ဝင် ၃ နိုင်ငံမှ ခေါင်းဆောင်များ ကိယက်ဗ်သို့ သွားရောက်

ယူကရိန်းကို ထောက်ခံကြောင်း ပြသမှုအဖြစ် အီးယူအဖွဲ့ဝင် ၃ နိုင်ငံမှ ခေါင်းဆောင်များ ကိယက်ဗ်သို့ သွားရောက်

မတ် ၁၆

ပိုလန်၊ ချက်သမ္မတနိုင်ငံနှင့် ဆလိုဗေးနီးယားတို့၏ ဝန်ကြီးချုပ်များသည် ယူကရိန်းကို ထောက်ခံကြောင်း ပြသသည့်အနေဖြင့် မတ်လ ၁၅ ရက်က ကိယက်ဗ်မြို့သို့ ရထားဖြင့် သွားရောက်ခဲ့ကြသည်။ ရုရှစစ်တပ်၏ ဗုံးကြဲတိုက်ခိုက်မှုများက ယူကရိန်းမြို့တော် အလယ်ဗဟိုနှင့် နီးကပ်လာနေခဲ့ချိန်တွင် အဆိုပါ သုံးနိုင်ငံမှ ခေါင်းဆောင်များ ကိယက်ဗ်ကို ရောက်ရှိခဲ့ကြခြင်း ဖြစ်သည်။

စစ်ပွဲဇုန်တစ်ခုအတွင်း ခရီးသွားလာခြင်း၏ လုံခြုံရေး အန္တရာယ်များနှင့်ပတ်သက်ပြီး ဥရောပသမဂ္ဂ အုပ်စုအတွင်း စိုးရိမ်ပူပန်မှုများ ရှိခဲ့သော်လည်း အဆိုပါ ခေါင်းဆောင်သုံးဦးသည် ၎င်းတို့၏ ခရီးစဉ်ကို ဆက်လုပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ခေါင်းဆောင်သုံးဦးသည် ကိယက်ဗ်မြို့သို့ ရောက်ရှိခဲ့ပြီး ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီး၊ ဝန်ကြီးချုပ် ဒန်နက်စ် ရှမိုင်ဟယ်တို့နှင့် တွေ့ဆုံမှုမှ လွဲပြီး ခရီးစဉ်နှင့် ပတ်သက်ပြီး အခြားအသေးစိတ်အချက်အလက်များကို ထုတ်ဖော်ခဲ့ခြင်း မရှိပေ။

ပိုလန် ဝန်ကြီးချုပ် မက်တီယူ မိုရာဝီစကီး ၊ ချက်သမ္မတနိုင်ငံ ဝန်ကြီးချုပ် ပီတာ ဖီအာလာနှင့် ဆလိုဗေးနီးယား ဝန်ကြီးချုပ် ဂျနက်ဇ် ဂျန်ဆာတို့က ၎င်းတို့သည် အီးယူမစ်ရှင်တစ်ခုအဖြစ် သွားရောက်ခြင်း ဖြစ်သည်ဟု ပြောသည်။ သို့သော် အဆိုပါ ခေါင်းဆောင်သုံးဦးသည် ခရီးစဉ်ကို တစ်သီးတစ်ခြား သွားရောက်ခဲ့ခြင်း ဖြစ်ကြောင်း အဖွဲ့ဝင် ၂၇ နိုင်ငံပါ အီးယူအုပ်စုမှ တာဝန်ရှိသူများက အခိုင်အမာ ပြောသည်။

အဆိုပါ ဥရောပအလယ်ပိုင်းနိုင်ငံသုံးနိုင်ငံသည် ယခင်က ကွန်မြူနစ်နိုင်ငံများ ဖြစ်ခဲ့သော်လည်း ယခုအခါ ယင်းတို့သည် အီးယူနှင့် နေတိုးအုပ်စုတွင် ပါဝင်နေကြပြီ ဖြစ်သည်။

တိုက်ခိုက်မှုများက ယမန်နေ့က ကိယက်ဗ်မြို့ လူနေရပ်ကွက်တစ်ခုသို့ ထပ်မံထိမှန်ခဲ့ခြင်းနှင့်အတူ ယူကရိန်းမြို့တော်တွင် လုံခြုံရေး အခြေအနေ ယိုယွင်းလာနေသည်ကို မီးမောင်းထိုးပြသနေသည်။

ယူကရိန်းသည် တစ်နေ့နေ့တွင် အီးယူအုပ်စုထဲ ဝင်ခွင့်ရရန် ထိုက်တန်သည့် ဥရောပနိုင်ငံတစ်နိုင်ငံ ဖြစ်သည်ဆိုပြီး သတင်းစကားတစ်ခု ပေးရန် ယခု ခရီးစဉ်ကို သွားရောက်ခြင်းဖြစ်သည်ဟု ဂျန်ဆာက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly